ဧရာဝတီတိုင်းမ်
ဧရာ၀တီတိုင်း၊ လပွတ္တာမြို့နယ်တွင်းက ပင်လယ်ကမ်းစပ်နဲ့ နီးသည်ကျေးရွာများတွင် နေထိုင်သူများဟာ မုန်တိုင်းအန္တရယ်ကြိုတင် ရှောင်ရှားတဲအနေနဲ့မြို့ပေါ်ကို မေလ ၆ ရက်နေ့ကစတင်ပြီး လာရောက်နေကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
လက်ရှိမှာ လပွတ္တာမြို့ပေါ်က ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းများနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ၀င်ရောက်နေထိုင်နေကြပြီး တစ်ချို့ရွာလုံးကျွတ်လာရောက်ကာ မုန်တိုင်းရှောင် ကြသူများရှိနေပြီး လပွတ္တာမြို့အပြင်၊ မြောင်းမြမြို့ဘက်ကိုလည်းသွားရောက်နေထိုင်သူများရှိတယ်လို ပရဟိတ အဖွဲ့တွေကပြောပါတယ်။
“နာဂစ်တုန်းက ဒီလပိုင်းပဲတိုက်တာ၊ အသေ အပျောက်တွေရှိခဲ့လို့ ကြောက်တာ၊ ခုလဲ အဲ့လိုဖြစ်မှာစိုးလို့ မြို့ပေါ်ကို လာပြီးမုန်တိုင်းရှောင်ကြတာ ခုရက်ပိုင်းပိုများလာတယ်”လို့ ဒေသခံကတွေက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
စစ်ကောင်စီဘက်က မုန်တိုင်းနဲ့ပတ်သတ်ပြီး ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့သတင်းထုတ်ပြန်ထားပေမယ့် ခုလိုမုန်တိုင်းရှောင်လာတဲ့ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတာမျိုးမတွေ့ရသေးဘူးလို့မြို့ခံတွေကပြောပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ မေလ ၈ ရက်နေ့ကစလို့ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး မေ ၉ ရက်နေ့မှာမုန်တိုင်းငယ်အဆင့်နဲ့ မေ ၁၀ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
မိုချာလို့နာမည်ပေးထားတဲ့ အဲဒီဆိုင်ကလုန်းမုန်တိုင်းဟာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တွေကို တိုက်ခိုက်နိုင်တယ်လို့သိရပြီး သတင်းများကြောင့် ပင်လယ်ကမ်းခြေဒေသက ပြည်သူတွေဟာ မြို့ပေါ်ကို ရွှေ့ပြောင်းနေကြတာဖြစ်ပါတယ်။