နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၅ ရက်

မြန်မာ့ ဒီမိုကရေစီ အရေးကို ကူညီထောက်ပံ့ပေးမည် ဆိုသော အမေရိကန် လွှတ်တော်က ရေးဆွဲ ပြဌာန်းလိုက်သည့် Burma Act ပါဝင်သော အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် ဆိုင်ရာ အက်ဥပဒေ (NDAA) ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ထိုး အတည်ပြုလိုက်သည်။

အမေရိကန်က အဆိုပါ NDAA ဥပဒေကို ပြဌာန်းခဲ့ပြီးနောက် မြန်မာ့အိမ်နီးချင်း စူပါ ပါဝါဖြစ်သော အမေရိကန်နှင့် ပြိုင်ဆိုင်မှု ပြင်းထန်နေသည့် တရုတ်အစိုးရက မြန်မာ့အရေးမှာ ခြေလှမ်းစိပ်စိပ် ပြန်လည် လှုပ်ရှားလာခဲ့သည်ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူများက ပြောဆိုကြသည်။

နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က တရုတ်၏ အဆိုပါ လှုပ်ရှားလာမှုသည် ယေဘုယျအားဖြင့် မြန်မာပြည်မှာ ရှိနေသော သူ၏ ရင်းနှီးမြှပ်နှံမှု အကျိုးစီးပွားများကို ကာကွယ် ထိန်းသိမ်းရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အပေါ် ဩဇာလွှမ်းမိုးရေး၊ လက်ရှိ အာဏာရ မည်သည့် အင်အားစုပဲဖြစ်ဖြစ် ဆက်သွယ်ပြီး သူ့စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ရေး ဆိုသည့် အချက် သုံး ချက်ပေါ်တွင် အဓိက ရပ်တည် လှုပ်ရှားနေခြင်း ဖြစ်ကြောင်း ပြောသည်။

စာရေးဆရာလည်း ဖြစ်သည့် ဦးသန်းစိုးနိုင်က“နောက်တစ်ခုက သူက (တရုတ်) လက်ရှိ နိုင်ငံတကာ အခင်းအကျင်း အခြေအနေအောက်မှာ မြန်မာပြည်မှာ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်စေချင်တဲ့ သဘောထားရှိတယ်”ဟု ပြောဆိုသည်။

ရခိုင် ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းကလည်း“တရုတ်ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အမြဲတမ်း နှစ်ခွပေါ်လစီပေါ့နော်။ တိုင်းရင်းသားအဖွဲ့တွေကို တစ်မျိုး ဆက်ဆံတယ်။ ပြီးတော့ အာဏာရ အစိုးရကျတော့ တစ်မျိုးဆက်ဆံတယ်။ သူ့ ဘက်က အစိုးရပေါ်ထားတဲ့မူကတော့ ဘယ်အဖွဲ့ပဲတက်တက် အစိုးရဆိုရင် သူက ဆက်ဆံတယ်။ ဒီမိုကရေစီရယ်၊ စစ်ကောင်စီရယ် ဘာညာမဟုတ်ဘူး။ အာဏာရှိတဲ့ အစိုးရနဲ့ပဲ ဆက်ဆံတဲ့သဘော ရှိတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဒုတိယအများဆုံးဖြစ်သည့် တရုတ် အစိုးရသည် ယခင် အထူးသံတမန် ဆွန်ကော့ရှန် အစား ၂၀၂၂ ခု နှစ်ကုန်ပိုင်းတွင် မစ္စတာ တိန့်ရှီကျန်ကို ပြောင်းလဲခန့်အပ်ခဲ့သည်။

တိန့်ရှီကျန်း အထူးသံတမန်ဖြစ်လာပြီးနောက် စစ်ကောင်စီအပြင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် EROs များနှင့်ပါ ပိုမိုနီးကပ်သည့် ဆက်ဆံရေး တည်ဆောက်လာသလို ယူနန်ပြည်နယ် အစိုးရကို ကြားခံပြီး ချဉ်းကပ်မှု ပုံစံသစ် များလည်း တရုတ်အစိုးရက လုပ်ဆောင်လာခဲ့သည်။

မြန်မာနိုင်ငံကို ရောက်ရှိလာသည့် ယူနန်ပြည်နယ် ပါတီ ကော်မတီ အတွင်းရေးမှူး ဝမ်နင် (Mr Wang Ning) က ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့မှာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံသည်။

ထိုတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်၊ လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးများ၊ နယ်စပ် ကုန်သွယ်မှုနှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာများကို ဆွေးနွေးကြောင်းလည်း စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်ထားသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်လည်းဖြစ် ယူနန်ပြည်နယ်ပါတီ အတွင်းရေးမှူးလည်း ဖြစ်သည့် မစ္စတာ ဝမ်နင်၏ မြန်မာနိုင်ငံသို့ ဧပြီလ ၁ ရက်မှ ၃ ရက်အထိ အလုပ်သဘော လာရောက်သော ခရီးစဉ် အတွင်း နေပြည်တော်၌ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီ လက်အောက်ခံများနှင့် တွေ့ဆုံ ရာတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး အပါအဝင် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်ကြား တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲရေးတို့ကို ဆွေးနွေးကြောင်းလည်း သိရသည်။

ဆန်စပါးနှင့် ဓာတ်မြေဩဇာ ထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ကျောက်ဖြူ အနာဂတ် ရွေ့လျား ဆေးခန်း စီမံကိန်း သဘောတူညီချက်၊ မြန်မာနိုင်ငံမှ စိုက်ပျိုးကုန်များ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ တာပိန် (၁) ရေအားလျှပ်စစ် စီမံကိန်း သဘောတူညီချက်တို့ကိုလည်း စစ်ကောင်စီနှင့် လက်မှတ် ရေးထိုးခဲ့သည်။

တရုတ် အနေနှင့် အာဆီယံမူ ငါး ချက်ကို ထောက်ခံပြီး မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အားပေးကြောင်း စသည့် အခြေခံများပေါ်မှာ လှုပ်ရှားလာခြင်းလည်း ဖြစ်သည်ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ဦးသန်းစိုးနိုင်က“အဲဒီလှုပ်ရှားမှုက အရင်တုန်းက ဆွန်ကော့ရှန် (အထူးသံတမန်) လက်ထက်နဲ့တော့ အပြောင်းအလဲ နည်းနည်းပါးပါး ရှိပါတယ်။ ဆွန်ကော့ရှန် လက်ထက်တုန်းက စစ်ကောင်စီနဲ့ အကွာအဝေး တစ်ခုကတော့ ရပ်ပါတယ်။ ဒါပေမယ့် အခုကတော့ လက်ရှိ နိုင်ငံတကာ အခင်းအကျင်းမှာ စစ်ကောင်စီ အပေါ်မှာ ပိုပြီးနားလည်မှု ထားလာတဲ့ လက္ခဏာတွေ ကျွန်တော်တို့ တွေ့လာရပါတယ်”ဟု သုံးသပ်ပြောဆိုသည်။

တချိန်တည်းတွင် အမေရိကန်က ကာကွယ်ရေးအတွက် အရေးကြီးသည့် ကာကွယ်ရေး အသုံးစရိတ် ဆိုင်ရာ ဥပဒေ တရပ် ဖြစ်သော NDAA ဥပဒေထဲတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် Burma Act ဥပဒေလည်း ထည့်သွင်း ပါဝင်လာခြင်း ဖြစ်သည်။

Burma Act တွင် မူဝါဒရေးရာ ဖော်ပြချက်၊ အရေးယူ ပိတ်ဆိုမှုများ ချမှတ်ခြင်း၊ ကူညီထောက်ပံ့မှုများ ပေးအပ်ခြင်း၊ တရားမျှတမှုနှင့် တာဝန်ခံမှု ဖော်ဆောင်ခြင်း ဆိုသည့် ကဏ္ဍ လေး ရပ် အဓိက ပါဝင်ကြောင်း သိရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) နှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှု စသည့် အာဏာသိမ်း ဆန့်ကျင်သည့် အုပ်စုများကို ထောက်ခံသည်ဟု ဆိုသည်။

လူသားချင်းစာနာမှု အကူအညီများ ပေးရေး၊ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် ဆက်လက် အကူအညီ ပေးရေးများ အပြင် တရုတ်နှင့် ရုရှားသည် မြန်မာ စစ်အာဏာရှင်ကို အဓိက ထောက်ပံ့သူများ ဖြစ်ကြောင်းလည်း Burma Act တွင် ဖော်ပြထားသည်။

ဒဏ်ခတ် အရေးယူခြင်းတွင် ယေဘုယျအားဖြင့် အကြီးတန်း စစ်တပ်အရာရှိများ၊ စစ်ကောင်စီ အဖွဲ့ဝင်များ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ မြန်မာစစ်တပ်နှင့် ဆက်စပ်သူများကို ဒဏ်ခတ်အရေးယူမည် ဖြစ်ပြီး အရေးယူမည့် လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းကို အမေရိကန် အစိုးရက သတ်မှတ်မည် ဖြစ်သည်ဟု ဆိုသည်။

ချွင်းချက်အနေဖြင့်မူ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ကို အရေးယူ ဒဏ်ခတ်ရန် ချန်လှပ်ထားကြောင်း သိရသည်။

လက်ရှိ မြန်မာ စစ်ကောင်စီသည် MOGE မှနေ၍ ၁ နှစ်လျှင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေ ရရှိနေသည်ဟု ဆိုသည်။

ထိုဝင်ငွေ ဖြတ်တောက်ရန် မြန်မာ့အရေး တက်ကြွလှုပ်ရှားသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက တောင်းဆို နေသော်လည်း Burma Act တွင် ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။

Burma Act ၏ တရားမျှတမှုနှင့် တာဝန်ခံမှု အပိုင်းတွင်တော့ မြန်မာနိုင်ငံနှင့် ပတ်သက်၍ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု မှတ်တမ်းတင်သည့် အဖွဲ့များအား ထောက်ပံ့ရမည်ဟု ပါရှိကြောင်း သိရသည်။

ထိုသို့ အမေရိကန်၏ မြန်မာ့အရေးကို ကူညီမည့် စီမံကိန်းများ ဖြစ်ပေါ်လာသည့် အတွက် တရုတ်က သူ၏ တုံ့ပြန် ရပ်တည်မှုကို တဆင့်တိုး ဖော်ပြလိုက်ခြင်း ဖြစ်သည်ဟု မြင်ကြောင်း၊ အမေရိကန် နှင့် တရုတ် နိုင်ငံကြီး နှစ် နိုင်ငံ၏ ဗိုလ်လုပွဲ အတွင်း မြန်မာပြည် ပြဿနာကိုလည်း တစ်စုံတစ်ရာ ရိုက်ခတ်ခြင်း ဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ပြောဆိုသည်။

NDAA မတိုင်ခင် တရုတ် ခြေလှမ်း

အတိုက်အခံများကို နှိပ်ကွက်ပြီး နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် ကြိုးပမ်းနေသည့် အာဏာသိမ်း စစ်ကောင်စီသည် တရုတ်နိုင်ငံနှင့် ပူးတွဲ ဥက္ကဋ္ဌ ယူပြီး ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ရှေးဟောင်းမြို့တော် ပုဂံမြို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂ ရက်မှ ၅ ရက်အထိ အိမ်ရှင် အဖြစ် ကျင်းပခဲ့သည်။

တရုတ်နိုင်ငံက ဦးဆောင်ထူထောင်ခဲ့သည့် LMC အစီအစဉ်ကို မဲခေါင် မြစ်ဝှမ်း နိုင်ငံ ငါး နိုင်ငံဖြစ်သော လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံ တို့ဖြင့် ဖွဲ့စည်းထားပြီး ၂၀၂၂ ခုနှစ် တွင် မြန်မာနိုင်ငံက LMC အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက LMC ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် တရုတ် ဝန်ကြီးချုပ် လီခဲ့ချန်အား ဖိတ်ကြားခဲ့သော်လည်း အကြောင်းမပြန်ဘဲ ငြင်းဆန်ခဲ့သည်။ သို့သော် တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ လာရောက်ခဲ့သည်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံး ခရီးစဉ်အဖြစ် လာရောက်သည့် တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက အဆိုပါ ခရီးစဉ်အတွင်း အတိုက်အခံများနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် အာဏာသိမ်း စစ်ကောင်စီကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် မြန်မာနိုင်ငံတွင် ပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးရန် စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံရေးနှင့် လူမှုရေး တည်ငြိမ်မှုရှိမှသာ တရုတ် နိုင်ငံက စစ်ကောင်စီနှင့် ရှေ့ဆက်ဆောင်ရွက်နိုင်မည့် အကြောင်း အသိပေးခဲ့သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မည်သို့ပင်ဆိုစေ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကိုတော့ တရုတ်အစိုးရက ထောက်ခံခဲ့သည်။

မစ္စတာ ဝမ်ယိ၏ ပထမဆုံးခရီးစဉ်နှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် နှစ်နိုင်ငံစလုံး ကုလသမဂ္ဂ၊ အာဆီယံတို့နှင့် အနီးကပ် လက်တွဲ ဆောင်ရွက်မည့် နည်းလမ်းများ ဆွေးနွေးခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း အတိုက်အခံများနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံ၏ တောင်းဆိုမှုကိုမူ ထိန်ချန်ထားခဲ့သည်။ လိုက်နာ ဆောင်ရွက်ခြင်းလည်း မရှိခဲ့ပေ။

အဆိုပါ ၇ ကြိမ်မြောက် LMC နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပနေသည့် နေ့ရက်များတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်း ပုသိမ်မြို့ကို သွားရောက်နေခဲ့သည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် မတွေ့ချင်သည့်အတွက် အရေးကြီးကိစ္စ တစ်စုံတစ်ရာမရှိသော ပုသိမ်မြို့ခရီးစဉ်ကို စီစဉ်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှောင်နေခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်သူများက သုံးသပ်ပြောဆိုကြသည်။

ထို့ပြင် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ Credential Committee ကလည်း ၂၀၂၂ ဒီဇင်ဘာလ ၁၂ ရက်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် နောက်ထပ် သက်တမ်း ၁ နှစ် ဆက်ထားရန် အတည်ပြု ဆုံးဖြတ်လိုက်သည်။

အဆိုပါ ကုလသမဂ္ဂ ကိုယ်စားပြု စိစစ်ရေး ကော်မတီ (UN Credentials Committee) အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် အမေရိကန်နှင့် တရုတ်သည် ပြီးခဲ့သည့်နှစ်က ကျင်းပသော ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင်လည်း အာဏာသိမ်း စစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ခွင့်မရရန် ဆွေးနွေး သဘောတူပြီး တားဆီးခဲ့သည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးထားသူ အားလုံးကို ချက်ချင်း လွှတ်ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဒီဇင်ဘာလ ၂၁ ရက်တွင် မဲခွဲဆုံးဖြတ်၍ အာဏာသိမ်း စစ်ကောင်စီကို တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်း အဆုံးသတ်ရန် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၂ နိုင်ငံက မဲပေးခဲ့ပြီး တရုတ်နိုင်ငံက စစ်ကောင်စီအတွက် ဗီတိုအာဏာ မသုံးတော့ဘဲ အိန္ဒိယ၊ ရုရှား တို့နှင့်အတူ ကြားနေမဲပေးခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်ပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ ဆယ်စုနှစ်ကြာ သဘောထား ကွဲလွဲခဲ့ရာမှ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ထိုဆုံးဖြတ်ချက်သည် ပထမဆုံးဖြစ်လာသည်။

ကမ္ဘောဒီးယား အလွန် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသည့် အင်ဒိုးနီးရှား နိုင်ငံ၏ မြန်မာ့အရေး ဆောင်ရွက်ချက်များ ကိုလည်း တရုတ်က ထောက်ခံ သည်ဟု ထုတ်ဖော်ပြောခဲ့ပြီး ယင်းခြေလှမ်းများသည် တရုတ်အစိုးရအနေဖြင့် အာဏာသိမ်း စစ်ကောင်စီနှင့် ခပ်ခွာခွာဖြစ်လာသည့် သိသာ ထင်ရှားသော အချက်များလည်း ဖြစ်သည်။

မြောက်ပိုင်းမှ EROs များကို ခေါ်ယူတွေ့ဆုံခြင်း

တရုတ် အစိုးရ၏ တာန်ပေး စေခိုင်းချက်အရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျန်သည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များကို ယူနန်ပြည်နယ်တွင် ခေါ်ယူ တွေ့ဆုံခဲ့သည်။

အဆိုပါ FPNCC အဖွဲ့ဝင် တဖွဲ့ချင်းစီနှင့် မစ္စတာ တိန့်ရှီကျန်တို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲ့ခွဲကာ တွေ့ဆုံကြခြင်း ဖြစ်သည်။

FPNCC ကို “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ ကိုးကန့် အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ယင်းအဖွဲ့များသည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များလည်း ဖြစ်သည်။

ရခိုင် ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက“တရုတ်ဘက်ကတော့ နယ်စပ်ဒေသ တည်ငြိမ် ရေး၊ နယ်စပ်ဒေသမှာ သူ့ အကျိုးစီးပွားတွေ မပျက်စီးရေး၊ ပြီးတော့ တက်လာတဲ့ အစိုးရအပေါ်မှာ သူတို့အနေနဲ့ တစ်စွန်းတစ်စ ထိန်းချုပ်နိုင်ဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း သူတို့က အသိအမှတ် ပြုထားတာတွေလည်း ရှိတယ်။ရေမှုတ်တစ်ဖက်၊ မီးစတစ်ဖက် အဲဒီပေါ်လစီကတော့ တောက်လျှောက် ကျင့်သုံးလာခဲ့တယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် မစ္စတာ တိန့်ရှီကျန်သည် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် နေပြည်တော်သို့ သွားရောက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ထိုကာလတွင် အာဏာသိမ်း စစ်ကောင်စီ၏ ဖိတ်ကြားချက်အရ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် အပစ်ရပ် ၇ ဖွဲ့အနက် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည်လည်း နေပြည်တော်သို့ သွားရောက်ပြီး အာဏာသိမ်း စစ်ကောင်စီ၏ NSPNC နှင့် တွေ့ဆုံခဲ့သေးသည်။

နယ်စပ်ဒေသ တည်ငြိမ်ရေး ခြေလှမ်းများ

တရုတ် အစိုးရ၏ အထူးကိုယ်စားလှယ် တိန့်ရှီကျန်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကလည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များ ဖြစ်ကြသည့် UWSA၊ KIO/KIA နှင့် NDAA တို့၏ ဌာနချုပ်များသို့ သွားရောက် တွေ့ဆုံခဲ့ပြီးနောက် FPNCC အစည်းအဝေး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

UWSA ဦးဆောင်ကာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် FPNCC သည် ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပန်ခမ်းမြို့တွင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်ကြာ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ FPNCC ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည် ချုပ်ငြိမ်းရေး အတွက် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်း ဖော်ပြထားသည်။

ထို့ပြင် တရုတ်အစိုးရနှင့် ဆက်လက် လက်တွဲပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးအပါအဝင် ကုန်သွယ်ရေးနှင့် အခြား ကဏ္ဍ အသီးသီးတွင်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ယင်းမတိုင်ခင် မစ္စတာ တိန့်ရှီကျန်သည် မတ်လ ၆ ရက်တွင် နေပြည်တော်သို့ ထပ်မံသွားရောက်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ နယ်စပ်ဒေသနှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာအပြင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

ထို့ပြင် မတ်လ ၁၅ ရက်ကလည်း စစ်ကောင်စီ၏ တရုတ်နိုင်ငံဆိုင်ရာ သံအမတ် ဦးတင်မောင်ဆွေနှင့် တိန့်ရှီကျန် တို့သည် တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် တွေ့ဆုံခဲ့သေးသည်။

CDM ဗိုလ်ကြီး ဗစ်တာက“စစ်တပ်ထဲနေခဲ့တဲ့ အတွေ့အကြုံကနေ သိခဲ့ရတာက ဒီစစ်တပ်မှာ တရုတ်ကြောက်ရောဂါ ရှိပါတယ်။ စစ်တပ်ကို ကောင်းကောင်း ဒုက္ခပေးနေတဲ့ မြောက်ပိုင်း ERAOs တွေအပေါ် တရုတ်ရဲ့ဩဇာ အတိုင်းအတာ တစ်ခု အထိ ရှိ‌နေတာကို စစ်ခေါင်းဆောင်တွေ သိတယ်။ တရုတ်ဟာ မြန်မာ့ပြည်တွင်းရေးကို မီးစတစ်ဖက် ရေမှုတ် တစ်ဖက်နဲ့ ခြယ်လှယ်နေတယ် လို့ပဲ စစ်ခေါင်းဆောင်တွေ ယူဆတယ်။ စစ်ခေါင်းဆောင်တွေဟာ တရုတ်ကို သိပ် မကြိုက်ပေမယ့် ကြောက်ရ တဲ့အတွက် တရုတ်လိုချင်တာပေးပြီး ပေါင်းနေရတဲ့ အနေအထားမျိုးပါပဲ”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့နောက် NSPNC သည် နေပြည်တော်တွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ဖြစ်သော UWSP၊ NDAA၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့နှင့် ပြီးခဲ့သည့် မတ်လ ၂၂ ရက်မှ ၂၃ ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဖက် သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသည်။

အလားတူ အာဏာသိမ်း စစ်ကောင်စီ၏ NSPNC သည် နေပြည်တော်၌ NCA လက်မှတ်ထိုးထားသည့် အပစ်ရပ် ၇ ဖွဲ့၏ အလွတ်သဘော ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့နှင့် မတ်လ ၂၈ ရက်မှ ၂၉ ရက်အထိ နှစ်ရက်ကြာ အလွတ်သဘော တွေ့ဆုံ ရာတွင်လည်း ဒေသတွင်း ငြိမ်းချမ်ရေး၊ ရွေးကောက်ပွဲ ကျင်းပရေး နှင့် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးတို့ကို တင်ပြ ဆွေးနွေးကြောင်း သိရသည်။

တောင်သူလယ်သမား အကျိုးဆောင် ဦးဇော်ရန်းကလည်း“တရုတ်က အာဆီယံမူ ၅ ချက်ကို ဝန်းရံပါတယ်၊ ထောက်ခံတယ် လို့ ပြောလာတာတွေ ရှိတယ်။ တရုတ်ပြောတာ နားထောင်လို့ သူတို့ (စကစ) ပါဝါကျသွားပြီး ခုံရုံး တက်ရမယ့် ဟာမျိုး ဆိုရင်တော့ တရုတ်စကားကို နားထောင်မှာ မဟုတ်ဘူး။ အဲဒါမျိုး မဖြစ်ဖို့အတွက်လည်း သူက အပြတ် တိုက်ရေးပဲ၊ ခေါင်းထောင်လာတဲ့ကောင် သတ်မယ်။ ဘယ်လောက် သတ်ရမှာလဲဆိုတဲ့ လက်လွန် ခြေလွန်တွေ လုပ်လိုက်တဲ့ အပေါ်မှာ ဖြစ်သွားတဲ့အတွက် တရုတ်စကားကို သူတို့ လိုက်လျောမှာ မဟုတ်တော့ဘူး။ အာဆီယံ ၅ ချက်ကို တရုတ်ထောက်ခံလို့ လိုက်လုပ်မယ်မထင်နဲ့ သူတို့ ကြိုးစင်တက်ရမှာမို့လို့ မလုပ်ဘူး”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အပစ်ရပ် ၇ ဖွဲ့မှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ DKBA၊ ALP၊ KNLA-PC ၊ PNLO၊ မွန်ပြည်သစ် ပါတီ (NMSP) နှင့် LDU တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ နှင့် အကျိုးစီးပွား

စစ်ကောင်စီ၏ ဖိတ်ကြားချက်အရ ပြီးခဲ့သည့် မတ်လ ဒုတိယအပတ်က ရခိုင်ပြည်နယ်သို့ လာရောက်ခဲ့သော မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ် မစ္စတာ ချန်းဟိုင်သည် နေရပ်စွန့်ခွာ ရိုဟင်ဂျာ ဒုက္ခသည်များအား ပြန်လည် လက်ခံနိုင်ရေး ပြင်ဆင်မှုများ အပေါ် လေ့လာခဲ့ပြီး တရုတ်နိုင်ငံပိုင် Power China ကုမ္ပဏီက ဆက်လက် အကောင်အထည်ဖော်နေသည့် ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းဆီလည်း သွားရောက်ခဲ့သည်။

ရခိုင်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်တဲ့ ဦးဖေသန်းက“အခု နောက်ပိုင်းမှာ တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်းတာမျိုးတွေ လုပ်ပေးလာတာတော့ ရှိတာပေါ့။ ဒါပေမယ့် သူ့ (တရုတ်) ပေါ်လစီကတော့ သူ့ အကျိုးစီးပွား ကာကွယ်ဖို့ပဲ။ ရခိုင်ကို ရောက်တယ်ဆိုတာလည်း အဲဒီလိုပဲ။ ရခိုင်မှာ သူ့ရင်းနှီးမြှုပ်နှံထားတာတွေ ရှိတယ်။ ပင်လယ်ပြင် ထွက်ပေါက်အနေနဲ့ သူစဉ်းစားထားတာတွေ ရှိတယ်။ သူ့အကျိုးစီးပွားနဲ့ ပတ်သက်ပြီးတော့လည်း ရခိုင်အပေါ် စိတ်ဝင်စားတယ်၊ အလုပ်လုပ်လာတာတွေ ရှိတယ်”ဟု ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံက ၎င်း၏ အကျိုးစီးပွားအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ တွန်းပို့နေသော အဖွဲ့များမှာ “ဝ”၊ ကိုးကန့်၊ မိုင်းလား၊ ကချင်၊ ရခိုင်၊ ရှမ်းနှင့် နယ်စပ် နယ်နိမိတ်များတွင် စစ်ရေးလှုပ်ရှားသော မြောက်ပိုင်း အဖွဲ့များ ပါဝင်နေကြောင်း သိရသည်။

စစ်ကောင်စီနဲ့ ခပ်စိတ်စိတ်တွေ့ဆုံလာတဲ့ တရုတ်

ပြီးခဲ့သည့် မေလ ၂ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် နေပြည်တော်ကို ပထမဆုံးအကြိမ် စတင်လာရောက်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် စစ်ခေါင်း ဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့်ပါ တွေ့ဆုံခဲ့ပြန်သည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရခြင်းမှာ သမ္မတရှီကျင့်ဖိန်၏ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်ရလဒ်များကို အကောင် အထည်ဖော်ဆောင်ရန်၊ စီးပွားရေး၊ လူမှုဘဝနေထိုင်ရေး စသည့် ကဏ္ဍများ၏ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ခြင်း၊ စီးပွါးရေး ပြန်လည်ရှင်သန်ရေး၊ ပြည်သူ့ နေထိုင်မှုဘဝ ကောင်းမွန်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တရုတ်အစိုးရ၊ ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်သည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစား၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယင်းအပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သမျှ ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အဓိကပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို အရှိန်အဟုန် မြှင့်တွန်းအားပေးကာ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ပြည်သူ့အကျိုးပြု စီမံကိန်းများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ချင်ကန်းက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံရာတွင်လည်း တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးသန်းရွှေ၏ အဓိကအကျိုးဆောင်မှုများကို တန်ဖိုးထားကြောင်း ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ အမြဲရှုမြင်ပြီး ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ၏ အစဉ်အမြဲ ယုံကြည်ရသော အိမ်နီးချင်း ကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းဖြစ်သလို မြန်မာနိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ခြင်းကို အစဉ်အမြဲ ထောက်ခံသွားမည်ဟု တရုတ်နိုင်ငံခြား ရေးဝန်ကြီး ချင်ကန်း က ဆိုထားပြန် သည်။

တရုတ် နှင့် NDAA စိုးရိမ်မှု

အမေရိကန်၏ NDAA ဥပဒေသည် တရုတ်နိုင်ငံအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်ပြီး တရုတ် ပြည်တွင်းရေးကို စွက်ဖက် ထားသောကြောင့် ပြင်းထန်သည့် နိုင်ငံရေးရန်စမှု တစ်ခုဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက် ပြောဆိုထားသည်။

အိမ်နီးချင်း နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ လွှမ်းမိုး ခြယ်လှယ် ချုပ်ကိုင်နေသည့် တရုတ် နိုင်ငံသည် မြန်မာ့ရေးနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်က ကြားဝင်လာမည်ကို စိုးရိမ်သည့် သဘော ဖြစ်ကြောင်း လေ့လာသူများကလည်း ပြောဆိုကြပါသည်။

နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က“NDAA က မြန်မာပြည်နဲ့ ပတ်သက်လို့ အကူအညီပေးသင့်တယ်။ NUG အစိုးရ နဲ့လည်း ဆက်သွယ် ဆောင်ရွက်သင့်တယ် ဆိုတဲ့ အမေရိကန် သဘောထားရှိပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ဖြစ်နေတာက ယူကရိန်း လို နိုင်ငံ ၂ နိုင်ငံကြားမှာ ဖြစ်နေတဲ့ပြဿနာ မဟုတ်ဘဲနဲ့ ပြည်တွင်းစစ် ဖြစ်နေတဲ့အတွက် ဘယ် ဘက်ကိုမှ သူက လက်နက် အပေးအယူတွေနဲ့ ပတ်သက်တဲ့ ကိစ္စမှာတော့ အားမပေးဘူး ဆိုတဲ့ သဘောထားပါ။ ဒါပေမယ့် အခြားလူသားချင်း စာနာထောက်ထားမှုတွေ၊ ငွေရေးကြေးရေးအရ အကူအညီပေးမှုတွေ၊ နောက်ပြီးတော့ နိုင်ငံရေးအရ အကန့်အသတ်နဲ့ တစုံတရာ အသိအမှတ်ပြူမှုတွေတော့ အမေရိကန် ဘက်က လုပ်နေတဲ့ သဘောထား ရှိပါတယ်”ဟု ပြောဆိုသည်။ ။

#တရုတ် #အမေရိကန် #NDAA #EROs #Ayeyarwaddy_Times