ဧရာ၀တီတိုင်းမ်
မေ ၅ ရက်

ရန်ကုန်တိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် နှစ်လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအပါအ၀င် အငြိမ်းစား ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှုး ငါး ဦးအသတ်ခံရ၍ စစ်ကောင်စီတပ်အသိုင်းအဝိုင်းမှ အရာရှိကြီး အဆင့်ရှိသူများ ထိတ်လန့်ကာ ရန်ကုန်မှ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း သိရသည်။

ယခုနှစ် မတ်လနှင့် ဧပြီလ နှစ်လတာအတွင်း ဗိုလ်မှူးကြီး တစ်ဦး၊ ဒုတိယဗိုလ်မှူး ကြီးအဆင့် သုံးဦးနှင့် ဗိုလ်မှူးအဆင့်တစ်ဦးတို့ အသတ်ခံခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ခန့်က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်၊ (၃၄)ရပ်ကွက် ဦးလှဖေလမ်းတွင်နေထိုင်သည့် မဂ်လာဒုံ လေတပ်စခန်းဌာနချုပ်၊ လေကြောင်းလက်နက်ပြင်ဆင်ရေးဌာန၏ ဒုတိယဌာနမှူး ဒုတိယဗိုလ်မှူးကြီး မြင့်ဝေဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်တွင် လက်ရှိတာ၀န်ထမ်း ဆောင်နေသည့် တပ်ရင်းမှူး အဆင့်ရှိသူ အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဖြစ်သူ ဇင်မောင်လွင်မှာ ဧပြီလ ၁၃ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း) အမှတ် (၁၂)ရပ် ကွက်၊ မန္တလေးလမ်းရှိ အထက-၂ ကျောင်းရှေ့ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်စဉ် ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် ထပ်မံ၍ ပေါက်ကွဲခဲ့ပြီး ဗုံးစထိမှန်ကာ ဗိုလ်မှူးကြီး ဇင်မောင်လွင်အပါအ၀င် တပ်သားတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး စုစုပေါင်း သုံး သေဆုံးခဲ့သည်။

ဧပြီ ၁၈ ရက် နံနက်ပိုင်းက သန်လျင်မြို့၊ ထန်းပင်ကုန်းရပ်ကွက် တွင်နေထိုင်သည့် ခမရ-၄၅၆ ကွတ်ခိုင်တပ်ရင်းမှူးတာ၀န်ထမ်းဆောင်ခဲ့သည့် ဒုဗိုလ်မှူး ကြီး(ငြိမ်း) အောင်ညီထွန်း၊ ဧပြီ ၂၂ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) စိုင်းကျော်သူ၊ ဧပြီလ ၂၉ ရက် နံနက် ၁၀ နာရီခန့်က ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် ဗိုလ်မှူး(ငြိမ်း) ရဲမင်းသန်းတို့သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ထိုသို့အရာရှိအကြီးပိုင်းများ သေဆုံးမှုများကို စစ်ကောင်စီတပ်မှ သတင်းထိန်ချန်မှုများ၊ ဖုံးကွယ်မှု များပြုလုပ်ခဲ့သော်လည်း စစ်တပ်မှအငြိမ်းစားယူထားသူများနှင့် လက်ရှိ တာ၀န် ထမ်းဆောင်လျက်ရှိသည့် ရာထူးအကြီးပိုင်းမှမိသားစု၀င်များ မလုံခြုံတော့သဖြင့် နေပြည်တော်သို့ တိတ်တဆိတ်ပြောင်းရွှေ့နေကြသူများရှိသလို လုံခြုံရေးချပေးရန် တောင်းဆိုမှုများလည်း ပြုလုပ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“သူတို့ရန်ကုန်မှာ နေရတာ မလုံခြုံတော့လို့ နေပြည်တော်ကို ပြောင်းရွှေ့နေထိုင်ဖို့ လုပ်လာကြတယ်။ အချို့က တပ်ထဲကို ပြောင်းလာကြတယ်။ သူတို့က မြို့လယ်ခေါင်မှ နေရာကောင်းမှနေကြတဲ့သူတွေလေ။ ခုမှသေမှာကြောက်လို့ မိသားစုလိုက်ပြောင်းလာ ကြတာ။ အချို့လူကြီးတွေက လုံခြုံရေးအပြည့်ချပေးဖို့ တောင်းတယ်။ ရှေ့တန်းတောင် လူစိစစ်ပြီး လွှတ်နေရတာဆိုတော့ သူတို့ကို ရဲလောက်ပဲ ချပေးလို့ရမယ်” ဟု နေပြည်တော်ရှိ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က စစ်ဘက်ထိပ်တန်းရာထူးများဖြစ်သည့် ရန်ကုန်၊ နေပြည်တော် စစ်တိုင်းမှူးရာထူးများ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နှင့် အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ်မှူးရာထူးများကို အပြောင်းအလဲပြုလုပ်ခဲ့သည်။

ထို့ပြင် စစ်ခေါင်းဆောင်သည် မွန်၊ ကရင်နှင့် တနင်္သာရီဒေသ သုံးခုကို ကွပ်ကဲရသည့် အမှတ်(၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ – ၄) မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်ကို ရာထူးမှ ဖယ်ရှားကာ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေကို ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပေး၍ ကစထ (၄) မှူးအဖြစ် ခန့်အပ်ခဲ့သည်။

ဓာတ်ပုံ-myanmar military
#ရန်ကုန်တိုင်း #၂လအတွင်း #ဗိုလ်မှူးကြီး #ဒုဗိုလ်မှူးကြီး #၅ဦး #ပစ်သတ်ခံရ #အရာရှိကြီးအဆင့် #ထိတ်လန့် #Ayeyarwaddy_Times