ဧရာဝတီတိုင်းမ်
မေလ ၄ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက် ထောင်ကုန်းလမ်းနဲ့ သစ္စာလမ်းထောင့်မှာရှိတဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့ နေအိမ်ခြံဝန်းထဲမှာ ဧပြီလ ၂၂ ရက်နေ့ ညပိုင်းက ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီးနောက်ပိုင်း ယနေ့အထိ ဒေသခံ၂၀ခန့်ကို စစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။

စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့တွေဖမ်းဆီးခံထားရသူတွေဟာ ပုသိမ်၊ ငပုတော၊ ဒါးက၊ ကန်ကြီးထောင့် စတဲ့ မြို့နယ်တွေက ပြည်သူတွေကို အဓိကထားပြီးဖမ်းဆီးမှုတွေပြုလုပ်နေတာလို့ သိရပါတယ်။

“တိုင်းရဲတပ်ဖွဲ့မှုးရဲ့ ခြံပေါက်ကွဲမှုဖြစ်စဥ်အပြီးမှာ ဖမ်းဆီးခံရသူ ၂၀ ဦးခန့်လောက်တော့ဖြစ်သွားပြီ၊ အဲ့ထဲမှာပြန်ပြီးလွှတ်ပေးတာဆိုလို့အမျိုးသမီး ၂ ဦးပဲရှိမယ်။ အဲ့ဒါက ပုသိမ် ၁၃ ရပ်ကွက်ထဲက တစ်ဦးကလူငယ်ပိုင်းတစ်ဦးက အသက်ကြီးပိုင်း၊ ကျန်တာတွေကတော့ တစ်ယောက်မှပြန်လွှတ်တာမျိုးမတွေ့သေးဘူး “လို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ (PSTF) တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

ပုသိမ်မြို့မှာလည်း ခုရက်ပိုင်းအတွင်း ယခင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့ဖူးတဲ့ လူငယ် ၃ ဦးကို တိုင်းရဲတပ်ဖွဲ့မှုးခြံဗုံးပေါက်ကွဲမှုမှာပါ၀င်ပါတ်သတ်တယ်ဆိုကာ ဖမ်းဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့သူတွေကို နတခ စစ်ကြောရေးမှာစစ်ဆေးနေပြီး သူတို့ရဲ့ဖုန်းထဲကလူတွေကို လိုက်လံဆက်သွယ်ပြီးလိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့(PSTF)တာ၀န်ရှိသူကပြောပါတယ်။

ပြီခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ညက ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ (PSTF)က ဧရာဝတီတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့နေအိမ်ခြံ၀န်းကို ဗုံး၂ လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး နန်းထိုက်အောင်စစ်ဆင် ရေးအနေနဲ့ ဧပြီလအတွင်းလေးကြိမ်မြောက် တိုက်ခိုက်ခဲ့တာလို့သတင်းထုတ်ပြန်ထားပါပေမယ့် မသက်ဆိုင်သူတွေကို စစ်ကောင်စီကလိုက်လံဖမ်းဆီးနေတာလို့ သိရပါတယ်။

#ဒုတိုင်းရဲတပ်ဖွဲ့မှူးနေအိမ် #ဗုံးခွဲတိုက်ခိုက်ခံရ #ပြည်သူနှစ်ဆယ်ကျော် #စစ်ကောင်စီတပ်ဖမ်းဆီး #Ayeyarwaddy_Times