ဧရာဝတီတိုင်းမ်
မေလ ၃ ရက်

မန္တလေးတိုင်း၊ ကျောက်ပတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) မြင်းခြံခရိုင်၊ တပ်ရင်း (၃)နှင့် ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ပွေးကျစ်ရဲစခန်းတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးခန့်သာရှိပြီး မေလ ၂ ရက်၊ နေ့လယ် ၂ နာရီခန့်က ရဲ ၈ ဦး တရားရုံးသွားနေချိန် လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲ ၂ ဦး သေဆုံးကာ ရဲတပ်ကြပ်ကြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ရဲစခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင် မိသားစုများဖြစ်သည့် အမျိုးသမီးနှင့် ကလေးများကို လွှတ်ပေးခဲ့သည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲပြီးဆုံးချိန်တွင် ပွေးကျစ်ရဲစခန်းကို PDF များက မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်တိုက်အတွင်းမှ G-4 (၁) လက်၊ G-3 (၂) လက်၊ အူစီ (၁) လက်၊ ခြောက်လုံးပူး (၄) လက်၊ လက်ပစ်ဗုံး (၈) လုံး၊ ရုံးသုံး Laptop (၁) လုံး၊ ကျင်စက် (၂) ခု၊ လက်ထိတ် (၁) ခုနှင့် ကျည် (၉၃၅) တောင့် ရရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDF နှင့် Burmese Guerrilla Force တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
#ပွေးကျစ်ရဲစခန်း #ဝင်တိုက်ခံရ #ရဲနှစ်ဦးသေဆုံး #Ayeyarwaddy_Times