ဧရာဝတီတိုင်းမ်
မေလ ၂ ရက်

မြန်မာနိုင်ငံကို မေလ ဒုတိယပတ်အတွင်း ဘင်္ဂလာပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဖြစ်သို့ ရောက်ရှိပြီး ကမ်းရိုးတန်းဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ လွတ်လပ်တဲ့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဘင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဖြစ်သို့ ရောက်ရှိပြီး ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာရှိတဲ့ ကမ်းရိုးတမ်းဒေသတွေကို ဝင်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

” ဆရာကြီး ဦးထွန်းလွင်မရှိတော့ မိုးလေဝသနဲ့ပတ်သက်ရင် ဘယ်သူ့အားကိုးရမှန်းမသိတာကြာပါပြီ၊ ဒီနှစ်ထဲမှာတော့ မင်းဂွတ်သီးအကောင့်နဲ့ ဦးဝင်းနိုင် အကောင့်တွေက တင်ပေးနေတာ မှန်ပါတယ်၊ ခုလည်း အဲ့အကောင့်တွေမှာတင်ထားတာတွေ့လို့ သတိတော့ထားနေရတယ်”လို့ ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ လေဖိအားနည်းရပ်ဝန်းကို ‘မိုချာ’ဆိုင်ကလုန်းအဖြစ်အမည်ပေးထားပြီး မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွေက စောင့်ကြည့်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

သီး​ခြားလွတ်လပ်တဲ့ မိုးလေဝသပညာရှင်တွေကတော့ မိုချာ ဆိုင်ကလုန်းဟာ မြန်မာနိုင်ငံကို မေလ ၁၀ ရက်နေ့ နောက်ပိုင်းမှာ ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ်။

#ဧရာဝတီတိုင်း #မုန်တိုင်း #မိုချာ #ဆိုင်ကလုန်း #Ayeyarwaddy_Times