နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၂ ရက်

တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ကျင်ဂေါင်သည် နေပြည်တော်သို့ ယနေ့ မေလ ၂ ရက် တွင် လာရောက်မည်ဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် စစ်ခေါင်း ဆောင် ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့်ပါ တွေ့ဆုံမည်ဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်ရှိ တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

မြန်မာနိုင်ငံကို ပထမဆုံးလာရောက်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂေါင်၏ ခရီးစဉ်ကို စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ သတင်းထုတ်ပြန်ခြင်း မရှိသေး သော်လည်း နေပြည်တော်မှတစ်ဆင့် ပုဂံ-ညောင်ဦးသို့ သွား ရောက်မည်ဆို၍ လုံခြုံရေးတိုးမြှင့်ချထားကြောင်း သိရသည်။

“ဘယ်သူလာမယ်ဆိုတာ မသိပေမယ့် လုံခြုံရေးချထားတာ၊ ညွှန်ကြားထား တာတွေရှိတယ်။ အမှန်ဆို အဲနေရာက ဘာမှချစရာမလိုတဲ့ နေရာလေ၊ ခုကချထားတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂေါင်သည် ပုဂံမြို့ရှိ အိုရီယမ်ဟိုတယ်တွင် တည်းခိုမည်ဟု သတင်းထွက်ပေါ်နေပြီး ပုဂံဘုရားများကိုလည်း တရုတ်အကူအညီဖြင့် ပြုပြင်နေကြောင်း သိရသည်။

“မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို လိုလားသူကြီးအဖြစ် ပါဝင်သရုပ်ဆောင်လိုတဲ့ တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ ဖြစ်နိုင်သမျှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို သူ့အနေနဲ့ အားပေးဖို့၊ ထောက်ခံဖို့အတွက် လိုအပ်တဲ့ အခြေအနေ အောက်မှာ မြန်မာပြည်ကို အဆက်မပြတ်ဝင်ရောက်နေကြတာပါ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာပြည်ကို လာရောက်ကြသည့် တရုတ်သံတမန်အားလုံးသည် စစ်ကောင်စီနှင့် သာမက FPNCC ဟု ခေါ်သည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့်ပါ တွေ့ဆုံ၍ နွေဦးတော်လှန်ရေး ဆက်ကြီးထွားမလာရန်၊ ၎င်း အကျိုးစီးပွားများ မထိခိုက်ရန်အတွက် ထိုအင်အားစုကို ဆွေးနွေးဖျောင်းဖြ နားချမှုများ လည်း တစ်ဆက်တည်းလုပ်နေကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။

“အဲဒီလုပ်ငန်းစဉ်တွေရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်နဲ့ အနောက်တိုင်း အင်အားစုတွေ မြန်မာပြည်ပြဿနာမှာ ပိုမိုပါဝင်စွက်ဖက်လာမှုကို တားဆီးရင်းနဲ့ တရုတ်အကျိုးစီးပွားတွေ ဆက်လက်ပြီး အကောင်အထည်ဖော်နိုင်ဖို့ အတွက် တွန်းအားပေးရေးဆိုတဲ့ ဦးတည်ချက်နှစ်ခုအောက်မှာ သွားနေတာပါ” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂေါင်သည် ယမန်နေ့ ဧပြီ ၁ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလန်းဟေဇာနှင့် တွေ့ဆုံခဲ့သည်။
“မင်းအောင်လှိုင်ကို ဒီအတိုင်း လွှတ်ပေးလို့ မရတော့ဘူးလို့ တရုတ်ဖက်က မြင်လာတဲ့ သဘောပဲ၊ ဒါကြောင့်လည်း ဒီမလာခင် နိုလင်းဟေဇာကို အရင်ခေါ်ပြီး တီးခေါက်ကြည့် တာ ဖြစ်မှာပဲ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးလှစိုးဝေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကို လေးစားသမှုရှိကာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုပြန်လည်ရရှိစေမည့် နိုင်ငံရေးဆွေးနွေးမှု များကို အားပေးသင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလန်းဟေဇာကို ပြောကြားခဲ့သည်။

“သူ(တရုတ်အစိုးရ) က သူ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူ့အကျိုးစီးပွားတွေလည်း ရှိနေတဲ့အခါကျတော့ ဒီ(မြန်မာနိုင်ငံ)အပေါ်မှာ စေတနာထားတယ်။ မြန်မြန်ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့ဟာကို (နိုလန်းဟေဇာနှင့် တွေ့ဆုံစဉ်) သူဖော်ပြတာပေါ့နော်။ အဲလိုဖော်ပြပြီး အခုချက်ချင်းလိုလိုပဲ နေပြည်တော်ကို ရောက်လာမယ်ဆိုတော့ ဒီဟာတွေကို လက်တွေ့သဘောမှာ အကောင် အထည်ဖော်ဖို့ နည်းနည်းတွန်းတွန်းတိုက်တိုက် လုပ်ချင်ပုံရပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံကို တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ရန် အိမ်နီးချင်းတိုင်းပြည် တစ်ခုအနေဖြင့် တရုတ်နိုင်ငံက အခြားတိုင်းပြည်များထက် မျှော်လင့်နေသော်လည်း မြန်မာ့အရေး နောက်ခံသမိုင်းကြောင်းသည် ရှုပ်ထွေးသော ကြောင့် ပြဿနာများကို မြန်မြန်ဆန်ဆန် ဖြေရှင်း၍မရကြောင်း ကျင်ဂေါင်က ဆိုသည်။

“စစ်ကောင်စီနဲ့ တရုတ်ကြားမှာ ကွာဟချက်တွေ ရှိပါတယ်။ နောက်တစ်ခုက အကြမ်းဖက်လုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ကိစ္စမှာလည်း တရုတ်က ဒါတွေကို ရပ်ဆိုင်းဖြစ်စေလိုတဲ့ သဘောထားတော့ ရှိပါတယ်။ အဲဒီတော့ ပြောချင် တာကတော့ တရုတ်နဲ့ စကစ ကြားထဲမှာ သဘောထားမတူတဲ့ ဖြေရှင်းနည်းတချို့ ရှိနေ နေပေမယ့် အခြေခံအကျိုးစီးပွားအရကတော့ တရုတ်က အမေရိကန်နဲ့ အနောက်အင်အားစုတွေ တိုးတက်ပါဝင်မလာရေးအတွက် စစ်ကောင်စီ နဲ့ အခုပူးပေါင်းဆောင်ရွက်နေတယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ကျင်ဂေါင်သည် ၎င်းခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကိုပါ တွေ့ဆုံသွားမည်ဟု သတင်းထွက်နေသည့် အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က ယခုကဲ့သို့ပြောသည်။

“စိုသောလက် မခြောက်စေနဲ့ဆိုတဲ့ စကားပုံလို၊ ဆိုရိုးစကားလိုပေါ့။ အရင်ခင်မင်ရင်းနှီးခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေ ဘာညာကို တွေ့လို့ရရင် တွေ့တာပဲ။

ဒါကတော့ တရုတ်ရဲ့ အစဉ်အလာပဲ။ ဥပမာ- NLD က ဒေါ်အောင်ဆန်းစုကြည်တို့လို၊ သမ္မတ ဦးဝင်းမြင့်တို့ကို ခေါင်းဆောင်တွေနဲ့လည်း တွေ့ခွင့်ရတယ်ဆိုရင်လည်း သူတို့တွေ့မှာပဲ။ တောင်းဆိုမှာပဲ၊ ဒါသည် လူမှုရေးအရ၊ ချစ်ခင်ရင်းနှီးတယ်၊ ပစ်မထားဘူးဆိုတဲ့ ဖော်ပြ ချက်ပေါ့” ဟု ဦးရဲထွန်း(သီပေါ)က ဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် ယခင်က စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် ဆက်နွယ်မှု၊ ရင်းနှီးမှု၊ ဩဇာသက်ရောက်မှုများ များစွာ ရှိနေသောကြောင့် ထိုသူများကို တွေ့ဆုံ၍ သဘောထားများကို ဖော်ပြ ဆွေးနွေးခြင်း အားဖြင့် တရုတ်ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် သက်ရောက်မှု တစ်စုံတစ်ရာ ရှိနိုင်သည်ဟု ဦးရဲထွန်း(သီပေါ)က သုံးသပ်သည်။

စစ်အာဏာရှင်စနစ်အောက်တွင် အာဏာရှင်နှစ်ဦးမရှိသလို အာဏာရှင်ဟောင်းများ အနေဖြင့် လက်ရှိစစ်ခေါင်းဆောင် လုပ်ကိုင်ဆောင်ရွက်နေသည့်အပေါ် မည်သို့ သဘောထား၊ မည်မျှထောက်ခံမှုရှိနေသည်ကို တရုတ်က လေ့လာစူးစမ်းသည့် သဘောဖြစ်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

“အဲဒီမှာ သူတို့ကြားထဲမှာ ကွာဟချက်တွေ၊ မတူတာတွေ ဘာတွေများရှိမလဲဆိုတာ တရုတ်က လေ့လာစူးစမ်းဖို့အတွက် အဲဒီပုဂ္ဂိုလ်နှစ်ဦး( ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်) ကို တွေ့ဆုံပြီးတော့ သူတို့(တရုတ်) တိုက်တွန်းနေတဲ့လမ်းကြောင်း၊ ငြိမ်းချမ်းစွာ စားပွဲ ဝိုင်းဆီ ရောက်ရှိဖို့အတွက် သူတို့ သဘောထား ဘယ်လိုရှိသလဲဆိုတာ တီးခေါက်တဲ့ သဘောလို့ ကျွန်တော်ကတော့ ယူဆပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

#တရုတ်နိုင်ငံခြားရေးဝန်ကြီး #မြန်မာပြည်ခရီးစဉ် #ထူးခြားပြောင်းလဲမှု #Ayeyarwaddy_Times