ဧရာဝတီတိုင်းမ်
မေလ ၂ ရက်
ဧရာဝတီတိုင်းမှာ ဧပြီလအတွင်းက ကိုဗစ်လူနာသစ် ၂၆ ဦးတွေ့ရှိခဲ့တယ်လို့ မေလ ၂ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက လူစုလူဝေးနဲ့ပွဲတွေဆက်တိုက်ပြုလုပ်နေပြီး သင်္ကြန်ပွဲအပြီး ၁ ပတ်အကြာမှာကိုဗစ်လူနာတွေစတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ဧပြီလ ၂၆ ရက်နေ့မှာ ပထမဆုံး ရောဂါအတည်ပြုလူနာသစ် ၅ ဦးတွေ့ရှိခဲ့ပြီးနောက်ပိုင်း ယနေ့အထိ ၂၆ ဦးပြန်လည်တွေ့ရှိတာဖြစ်တယ်လို့ ဒေသခံပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။
”တစ်ချို့ကလဲ့ အိမ်မှာကုနေတာ၊ ပုသိမ်မှာတော့ ဒီလအတွင်း ၃ ဦးတွေ့ပြီး တစ်ဦးကတော့အထည်ချုပ်ကနောက်ပိုင်းတော့ ခရိုင်မီးသတ်ကကိုဗစ်စစ်တဲ့နေရာမှာ လာစစ်လို့တွေ့ကြတာ၊ နောက်ပိုင်းပိုများလာဖို့ပဲရှိတယ်”လို့ ပုသိမ်ဒေသခံပရဟိတအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကိုဗစ်အတည်ပြုလူနာသစ် ၂၆ ဦးတွေ့ရှိတဲ့သူတွေဟာ ဧပြီလ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိကြံခင်း၊ပုသိမ်၊ဖျာပုံ၊ မြန်အောင်၊ သာပေါင်း၊ဇလွန်မြို့က တွေကဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားတာပါ။
ရောဂါပိုးတွေ့ရှိတဲ့သူတွေရဲ့ ကူးစက်ခံရမှုအသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြထားတာမျိုးမရှိသေးပါဘူး။
စစ်ကောင်စီက သင်္ကြန်ပွဲတော်ပြုလုပ်ပြီး တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၅၀၀ ဝန်းကျင်ထိပြန်လည်များပြားလာတာကြောင့် စိတ်ပူရတဲ့အနေအထားဖြစ်တယ်လို့ CDM ဆရာဝန်တွေက သတိပေးပြောဆိုထားပါတယ်။
#ဧရာဝတီတိုင်း #ကိုဗစ် #သင်္ကြန်အပြီးများပြားလာ #Ayeyarwaddy_Times