နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၂၉ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုပညာသင်နှစ်တွင် လူရည်ချွန် ၅၀၀ နီးပါး ရွေးချယ် မွေးထုတ်နိုင်ခဲ့ကြောင်း ပြောဆိုနေသော်လည်း ထုံးစံအတိုင်း နီးစပ်ရာ ရွေးခြင်းသာဖြစ်သလို လူငယ်များကို အညွန့်ချိုး ဖမ်းသတ်နေပြီး လူရည်ချွန် မွေးထုတ်သည်ဆိုခြင်းမှာ တကယ်ရွံစရာပါဟု ဆရာမများက တုံ့ပြန်ပြောကြားသည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ဧပြီလ ၂၆ ရက်နေ့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များအား တွေ့ဆုံ၍ ယခုပညာသင်နှစ်တွင် အဋ္ဌမတန်းလူရည်ချွန် ၁၆၀ ဦး၊ ဒသမတန်း လူရည်ချွန် ၁၆၀ ဦး၊ ဧကာဒသမတန်း လူရည်ချွန် ၁၅၈ ဦး စုစုပေါင်း ၄၇၈ ဦးကို ရွေးချယ် မွေးထုတ်နိုင်ခဲ့ပြီး ပုဂံ၊ တောင်ကြီး၊ ငွေဆောင် စသည့် လူရည်ချွန် စခန်းအသီးသီးကို လေ့လာရေးခရီးစဉ်အဖြစ် စေ လွှတ်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
“ကျက်သရေ ထိုင်ယုတ်နေတယ်လို့ မြင်တယ်။ တိုင်းနဲ့ပြည်နယ်တွေမှာ မီးတွေရှို့ လူတွေသတ်နဲ့ သူကလူရည်ချွန်တွေ မွေးထုတ်ပြီး ဘာလုပ်မလို့တုန်း။ အကုန်လုံး လုပ်ရိုးလုပ်စဥ် ဟန်ပြတွေပေါ့။ တကယ့်လူတော်လေးတွေ က ကျောင်းမတက်နိုင်ရှာပါဘူး။ လူငယ်တွေကို အညွန့်ချိုး ဖမ်းသတ်နေပြီး လူရည်ချွန်မွေးထုတ်တယ်ဆိုတာ တကယ်ရွံစရာပါ” ဟု CDM ကထိက ဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စီမံကိန်းကို ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့် စာရိတ္တ ကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ပညာရေး လက်တွေ့ဖွံ့ ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံအကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကြောင်း စစ်ခါင်းဆောင်က ပြောသည်။
ထို့ပြင် ထူးချွန်ထက်မြက်သော ကျောင်းသား/သူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန်ဆိုသည့် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။
“တက္ကသိုလ်ပညာရေးမှာလည်း ရှိတယ်။ နှစ်စဥ် စကောလာလျှောက်နိုင်တာ လူဦးရေ အချက်အလက်နဲ့ ရွေးတာပေါ့။ ပညာရေးပိုင်း တာဝန်ရှိသူတွေက အစဥ်အလာအတိုင်း လုပ်သွားနေကြပါပဲ။ ဒါကို ပဏာလုပ်ပြောဆို နေတာလို့ပဲ ယူဆတယ်။ အရှက်မရှိတဲ့ လုပ်ရပ်တွေပေါ့” ဟု CDM ကထိကဆရာမက ဆိုသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစပြီး ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရသည့် အခြေအနေကြောင့် လူရည်ချွန်စီမံကိန်းကို ခေတ္တရပ်နားခဲ့ရာမှ ယခု ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်တွင် ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။
“သူတို့(စကစ) အမြဲပြောနေကျ စကားရှိတယ်လေ။ ပညာရေးနဲ့ ကျန်းမာရေးဆိုတာ အမြတ်မရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလို့။ အဲဒါသူတို့ တိုင်းပြည်ပေါ်ထားတဲ့ စေတနာပဲ” ဟု CDM ကထိကဆရာမက ဆက်လက်ပြောသည်။
လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတု လူရည်ချွန်စီမံကိန်းအထိ ဆောင်ရွက်နိုင်ခဲ့ကာ ထိုနှစ်မှစ၍ ခေတ္တရပ်နားခဲ့သည့် လူရည်ချွန် စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ဘက်စုံပညာထူးချွန်လူငယ် စီမံကိန်းအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်တွင် “လူရည်ချွန် စီမံကိန်း” အမည်နှင့် ပြန်လည် ပြင်ဆင်ဆောင်ရွက်ခဲ့သည်ကို တွေ့ရပြီး လာမည့်နှစ်တွင် နှစ် ၆၀ ပြည့်တော့မည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
“လူရည်ချွန်ဆိုလည်း ထုံးစံအတိုင်းပဲပေါ့။ နီးစပ်ရာပဲ ရွေးမှာပါပဲ။ တက္ကသိုလ်မှာတော့ စာခိုးချလို့ မိရင်တောင် နားလည်ပေးလိုက်ပါလို့ ပြောခံရတာမျိုး။ သူတို့ ထုတ်ပြန်လိုက်တဲ့ အရေအတွက်တွေက ကိန်းဂဏန်း သာသာ ပါပဲ။ ထုတ်ပြန်ချက် သက်သက်လို့တောင် ပြောလို့ရတယ်။ လူရည်ချွန်တွေ့ဆုံပွဲ လုပ်ချင်လား ဖြစ်တယ်၊ လုပ်လို့ရတယ်။ ခန်းမထဲ လူပြည့်နေဖို့ပဲ အဓိကမို့လား။ ဒါကတော့ အတွေ့အကြုံအရ ပြောတာပါ” ဟု Non CDM ကထိက ဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိုင်ငံ၏ အနာဂတ်အတွက် ဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်မှန်းချက်ထားပြီး အများနှင့် စုပေါင်းနေထိုင် တတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်နိုင်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံ သည့် အနာဂတ်မျိုးဆက်သစ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် လူရည်ချွန်စီမံကိန်းအပြင် လူငယ်ကဏ္ဍ အစီအစဉ်များစွာကိုလည်း အားပေးဆောင်ရွက်လျက်ရှိသည်ဟု စစ်ခေါင်းဆောင်က ပြောသည်။
“သိပ်နာမည်ကြီးတဲ့ ကျောင်းတွေမှာဆို ဆရာအင်အား မလောက်လို့ ဆွဲခန့်သဘောမျိုး ၁၀ တန်းအောင်တွေကို သင်ခိုင်းတာရှိတယ်။ ဒါလည်း တရားဝင် ဆွဲခန့်မဟုတ်ပါဘူး။ ပြရုဂ်သဘောမျိုး အောက်ခြေမှာ လုပ်ကြတာပေါ့။ စာမေးပွဲ မေးခွန်းတောင် အဲ့ကလေးတွေကို ထုတ်ခိုင်းလို့ အကြီးအကျယ် ပွဲဖြစ်သွားသေးတယ်။ အဲတာတော့ group ထဲမှာ ရေးကြတာကို ဖတ်ရတာပါ” ဟု Non CDM ကထိက ဆရာမက ဆိုသည်။
#စစ်ခေါင်းဆောင် #လူရည်ချွန်မွေးထုတ် #ရွံစရာ #ဆရာမ #Ayeyarwaddy_Times