ဧရာဝတီတိုင်းမ်
ဧပြီလ ၂၉ ရက်

တရုတ် သမ္မတ မစ္စတာ ရှီကျင့်ဖျင်ရဲ့ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (Global Security Initiative-GSI) ကို စစ်ကောင်စီက ချီးကျူးဂုဏ်ပြု ထောက်ခံ ကြိုဆိုကြောင်း ထုတ်ပြန် ကြေညာပါတယ်။

၂၀၂၂ ခုနှစ်မှာ မစ္စတာ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI) ကို အဆိုပြုခဲ့ပြီးနောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ မကြာသေးခင်က GSI သဘောတရား စာတမ်း (Concept Paper) ထုတ်ပြန်ခဲ့ကြောင်း၊ GSI ကို အကောင်အထည်ဖော်ခဲ့တဲ့ တစ်နှစ်တာ ကာလ အတွင်း တရုတ်နိုင်ငံ အနေနဲ့ ကမ္ဘာ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှုများ အတွက် မြန်မာနိုင်ငံက ချီးကျူး ဂုဏ်ပြုကြောင်း စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၂၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

GSI ဟာ (၁) အားလုံးအတွက် ပြည့်စုံကျယ်ပြန့်ပြီး ပူးပေါင်း ဆောင်ရွက်မှုရှိတဲ့ ရေရှည်တည်တံ့တဲ့ လုံခြုံရေး ဆိုင်ရာ မျှော်မှန်းခြင်း၊ (၂) နိုင်ငံအားလုံးရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲမှုကို လေးစားခြင်း၊ (၃) ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ ရည်ရွယ်ချက်နဲ့ အခြေခံမူများကို လိုက်နာခြင်း၊ (၄) နိုင်ငံအားလုံးရဲ့ ကျိုးကြောင်း ဆီလျော်မှုရှိတဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အလေးအနက်ထားခြင်း၊ (၅) နိုင်ငံများ အကြား မတူကွဲပြားမှုများနဲ့ အငြင်းပွားမှုများကို ဆွေးနွေး၊ ညှိနှိုင်းမှုများမှ တဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းနဲ့ (၆) သမားရိုးကျ နဲ့ သမားရိုးကျ မဟုတ်တဲ့ နယ်ပယ် နှစ်ရပ်လုံးမှာ လုံခြုံရေး ထိန်းသိမ်းခြင်း ဆိုင်ရာ ကိစ္စရပ်များကို ခိုင်မာစွာ ဆက်လက် ဆောင်ရွက်သွားဖို့ စတဲ့ ကတိကဝတ် ၆ ရပ်ပေါ်မှာ အခြေခံတာကို တွေ့ရှိရတယ် လို့လည်း ဆိုပါတယ်။

အဆိုပါ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI) ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ အတွက် ချမှတ်ထားတဲ့ အမြော်အမြင် ကြီးမားတဲ့ အစီအမံ တရပ်ဖြစ်ကြောင်း၊ အစီအမံပါ ကတိကဝတ် များဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အစဉ်တစိုက် လိုက်နာ ကျင့်သုံးခဲ့တဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲမှုကို လေးစား လိုက်နာရေး၊ ပြည်တွင်းရေး ကိစ္စရပ်များမှာ ဝင်ရောက် မစွက်ဖက်ရေးတို့ အပါအဝင် ဖြစ်ကြောင်းလည်း ပါရှိပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ် နဲ့ လိုက်လျောညီထွေ ရှိတဲ့အတွက် မြန်မာနိုင်ငံ အနေနဲ့ အဆိုပါ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI) ကို ထောက်ခံကြိုဆိုကြောင်းလည်း စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ ပြည်သူများရဲ့ လူမှုစီးပွားဘဝ အေးချမ်းသာယာ ဝပြောစေဖို့ အတွက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI) ကို တရုတ်နိုင်ငံ အပါအဝင် အခြား ကမ္ဘာ့နိုင်ငံများနဲ့ပါ ပူးပေါင်း ဖော်ဆောင်သွားဖို့ ဆန္ဒရှိတယ် လို့လည်း ဆိုပါတယ်။

သို့သော် လက်ရှိ ရှီကျင့်ဖျင် အစိုးရဟာ တရုတ်နိုင်ငံ ရှင်ကျန်း ပြည်နယ်ရှိ လူဦးရေ သန်းနဲ့ချီတဲ့ ဝီဂါ မွတ်စလင်များ အပေါ် ဘာသာရေး ဖိနှိပ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်မှု ရှိနေကြောင်း ကုလသမဂ္ဂ အပါအဝင် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) နဲ့ နိုင်ငံတကာက ဝေဖန်ပြောဆိုမှုများလည်း ရှိနေပါတယ်။

ဒါ့အပြင် သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က စတင်တဲ့ ရုရှနိုင်ငံရဲ့ ယူကရိန်း နိုင်ငံကို တိုက်ခိုက်တဲ့ ကျူးကျော် စစ်ပွဲကို ထောက်ခံကြောင်း ရှရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ သွားရောက် တွေ့ဆုံမှုနဲ့ ပြသခဲ့ပါသေးတယ်။

သမ္မတ ရှီကျင့်ဖျင်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်က ရုရှား သမ္မတ ပူတင်ရဲ့ ဖိတ်ကြားချက်အရ မော်စကို ကို သွားရောက်ခဲ့ခြင်း ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တဲ့ စစ်ပွဲကာလ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ၂၀၂၃ ခုနှစ် ဧပြီလ ၉ ရက်အတွင်း စစ်ပွဲကြောင့် အရပ်သား ၈,၄၉၀ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး Office of the United Nations High Commissioner for Human Rights (OHCHR) က ထုတ်ပြန်ထားပါတယ်။

အတည်မပြုနိုင်သေးတဲ့ သေဆုံးသူ ထောင်ပေါင်းများစွာ ရှိနိုင်သေးတယ် လို့လည်း ဆိုပါတယ်။