ဧရာဝတီတိုင်းမ်
(ကနီ)၊ ဧပြီလ ၂၈ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သရက်တောကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ကျောက်လုံးကြီး KLG တပ်မဟာမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလယ်ကျွန်း(ပျူရွာ)မှ သရက်တောကျေးရွာသို့ ရိက္ခာရှာဖွေရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၁၀ ဦးပါဝင်သည့် ရှေ့ပြေးကင်းအဖွဲ့သည် ကြိုတင်ထောင်ထားသည့် တိုက်မိုင်း ၁ လုံးနင်းမိပြီး စစ်ကောင်စီတပ်သားတစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“သူတို့လာမှာကို ကြိုသိလို့မိုင်းထောင်ထားတာ၊ အဲ့ပျူနဲ့ စစ်ကောင်စီတပ်သားတွေက ရိက္ခာမရှိရင် ပြည်သူတွေရဲ့ ရိက္ခာများကို လာယူလို့ ကြိုပြီးထောင်ထားတာပါ။ ကင်းလှည်းရင်းနဲ့ စစ်ကြောင်းထိုးတာမျိုးပါ။သူတို့ကတော့ ရှေ့ပြေးပွိုင့်တွေ” ဟု ကျောက်လုံးကြီး KLG PDF ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်မိုင်းထိပြီးနောက် အလယ်ကျွန်းပျူရွာမှ ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည့်အတွက် စစ်ကြောင်းထိုးရန်ပြင်ဆင်နေသည့်စစ်ကြောင်းမှာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းလည်း သိရသည်။
ကနီမြို့နယ်တွင် ဧပြီလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ အရေးပါသည့်တာဝိုင်တိုင်စခန်းကုန်းအား ဒေသခံတော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာ တပ်သားအများအပြားသေဆုံးခဲ့ပြီး ဗိုလ်တစ်ဦးအပါအဝင် ၆ ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်များအရ သိရသည်။
#ကနီ #မိုင်းဆွဲတိုက်ခိုက်ခံရ #စစ်ကြောင်း #KLG #Ayeyarwaddy_Times