ဧရာဝတီတိုင်းမ်
ဧပြီလ ၂၈ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ စက်ဒေါင့်ကြီးနယ်မြေရဲစခန်းမှူးမှ ဦးဆောင်ကာ ​ဒေသခံများထံမှ သမဝါယမအကြွေးများ ခြိမ်းခြောက်တောင်းခံနေကြောင်း သိရသည်။

သာပေါင်းမြို့နယ်၊ စက်ဒေါင့်ကြီးနယ်မြေရဲစခန်းမှူး ထွန်းထွန်းမင်းဆိုသူမှ ဦးဆောင်ကာ စက်ဒေါင့်ကြီးနယ်မြေရဲစခန်းအပိုင်အတွင်းရှိ ကျေးရွာများမှ ဒေသခံများကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများ၌ ခေါ်ယူကာ ယခုလကုန်တွင် သမဝါယမအကြွေးမဖြစ်မနေပေးဆောင်ကြရန် ခြိမ်းခြောက်ပြောဆိုနေကြကြောင်း ဒေသခံများမှ ပြောသည်။

“တံခါးပိတ်ပြီး အကုန်ပစ်သတ်မယ်ပြောပြီး ဒေါ်စုလက်ထက်က‌ချေးထားတာကို အဘမင်းအောင်လှိုင်လက်ထပ်မို့မဆပ်ချင်လို့လားဆိုပြီး ပြောတယ်”ဟု စက်ဒေါင့်ကြီးနယ်မြေရဲစခန်းမှူးမှခေါ်ယူသည့် အစည်းအဝေးပွဲတက်ရောက်ခဲ့သည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧပြီလ ၂၅ ရက်နေ့က ငါးဘတ်ချောင်းကျေးရွာအုပ်စုတွင်လည်း စခန်းမှူး ထွန်းထွန်းမင်းကပင် အစည်းအဝေးတက်ရောက်လာသည့် ဒေသခံပြည်သူများကို ရိုက်နှက်ထိုးကြိတ်ခြင်း၊ ယုတ်ရင်းကြမ်းတမ်းသည့် စကားများပြောဆိုကာ ​လကုန်တွင် သမဝါယမအကြွေးမဖြစ်မနေပေးဆောင်ကြရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သူများက ဆိုသည်။

“အကြွေးမဆပ်ရသေးတဲ့ ရွာသားတွေကို လက်ထိတ်ခက်တယ်။ အစည်းဝေးလာတဲ့လူငယ်တစ်ယောက်ကိုလည်းကျုံ့ကျုံ့ထိုင်လို့ဆိုပြီး ဆောင့်ကန်ကာလက်သီးနဲ့ထိုးကြိတ်လုပ်တယ် စခန်းမှူးလို့ပြောတယ်အရက်ကလည်းအရမ်းမူးနေတယ်။ အကြွေးမဆပ်ရင်ပစ်သတ်မယ်။ လယ်သိမ်းမယ်။ ပိုင်ဆိုင်မှုတွေ သိမ်းမယ်လို့ မိုးမွှန်အောင်ဆဲဆိုပြီးပြောဆိုသွားတယ်ဗျ”ဟု ငါးဘတ်ချောင်းကျေးရွာအုပ်စုနေရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ယခင်အရပ်သားအစိုးရလက်ထက်က ထုတ်ချေးပေးထားသည့် ကိုဗစ်ချေးငွေများ၊ စိုက်ဘဏ်ချေးငွေများ၊ သမဝါယမချေးငွေများကို ဖိအားပေးတောင်းခံနေကြောင်း အကြွေးပြန်မဆပ်သူများကိုလည်း ဖမ်းဆီးထောင်ချပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း မအူပင်၊ ဘိုကလေးနှင့် သာပေါင်းမြို့ခံများထံမှ သိရသည်။

#သာပေါင်း #သမဝါယမအကြွေး #စခန်းမှူး #တောင်းခံ
#Ayeyarwaddy_Times