ဧရာဝတီတိုင်းမ်
ဧပြီလ ၂၈ ရက်

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာသားများမှာ မိမိကျေးရွာအတွင်းမှ တခြားနေရာများသို့သွားမည်ဆိုလျှင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါမှသာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းခွင့်ရရှိကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်များတွင် မောင်တောမြောက်ပိုင်းရှိ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်နှင့် ကျီးကန်းပြင် ဌာနချုပ်စစ်ဆေးရေးဂိတ်တို့မှာ အဆိုးဆုံးဖြစ်ပြီး စစ်ကောင်စီနှင့် AA တို့တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၂၂ခုနှစ် ၊သြဂုတ်လအတွင်းမှစ၍ စစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
မောင်တောမြောက်ပိုင်းတွင် မင်္ဂလာညွန့်၊တောင်ပြို၊ လက်ဝဲ၊ ဝက်ကျိန်း ၊တမန်းသား၊မင်းကြီး၊ ရန်အောင်ပြင်၊ မြဝတီ၊ စသည့် ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ဒေသခံအားလုံးမှာ အဆိုပါဂိတ် ၂ ခုကိုမဖြစ်မနေဖြတ်သန်းသွားလာနေရခြင်းဖြစ်သည်။

” ထောက်ခံစာမပါရင် ဖြတ်ခွင့်မပေးဘူး။ပြန်လာရတယ်။မြို့ထဲကိုခဏသွားမယ်ဆိုလည်း ထောက်ခံချက်မဖြစ်မနေယူသွားရတယ်။အနီးအနားရွာတွေကိုသွားရင်လည်း ဂိတ်ကိုဖြတ်မှသွားလို့ရမယ်ဆိုရင် ယူသွားရပြန်ရော။အကုန်လုံး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ကို ယူပြီးမှ သွားနေရတာပါ ” ဟု ဝက်ကျိန်းကျေးရွာမှ လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီစစ်ဆေးရေး ဂိတ်များက ထိုသို့ကန့်သတ်တားမြစ်ထားသောကြောင့် ဒေသခံများမှာ စီးပွားရေး၊ လူမှုရေးကိစ္စများနှင့်ကျန်းမာရေးကိစ္စများတွင် အဆင်မပြေမှုများဖြစ်နေရသည့်အတွက် စစ်ရေးအရတည်ငြိမ်နေသည့် ကာလများတွင် လွတ်လပ်စွာသွားလာခွင့်ပြုရန် ဒေသခံများက တောင်းဆိုနေကြသည်။

” တခါတလေဗျာ ကျန်းမာရေးကိစ္စအရေးပေါ် မြို့ကိုသွားပြရမယ်ဆိုရင် ထောက်ခံစာယူဖို့ဘယ်လိုအချိန်ရမလဲ။ ပြီးတော့ အုပ်ချုပ်ရေးမှူးတွေလည်း ၂၄ နာရီစလုံး အိမ်မာထိုင်နေတာမှမဟုတ်တာ။ကိုယ်က အရေးတကြီးသွားဖို့လိုနေပြီ။ အုပ်ချုပ်ရေးမှူးက ရွာမှာမရှိ၊ အိမ်မှာမရှိနဲ့။တော်တော် ဒုက္ခဖြစ်တယ်။စျေးရောင်းစားတဲ့သူတွေအတွက်လည်း ကျပ်တည်းသွားတယ်။စစ်ဖြစ်နေတုန်းကတော့ လိုအပ်ချက်အရ စစ်ဆေးတယ်ထားအုံ့။အခုလို တည်ငြိမ်နေတဲ့ကာလမှာတော့ လွတ်လွတ်လပ်လပ်သွားလာခွင့်ပေးသင့်တယ် ” ဟု မင်းကြီးကျေးရွာသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်များက သွားလာခွင့်ကန့်သတ်ထားသည်ဆိုသည့် ဒေသခံများ၏ ပြောဆိုချက်နှင့်ပတ်သက်၍ မေးမြန်းရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဧရာဝတီတိုင်းမ်က ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

၂ နှစ်နီးပါးရပ်တန့်နေခဲ့သည့် ရခိုင်စစ်ပွဲသည် ၂၀၂၂ ခုနှစ် ၊ဇူလိုင်လအတွင်းမှစ၍ တစတစနှင့်ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ကုန်းလမ်း၊ရေလမ်းသွားလာခွင့်များကို ပိတ်ပင်ခဲ့သည်။

ထို့နောက် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီနှင့် AA တို့ကြား လူသားချင်းစာနာမှုဆိုင်ရာ နားလည်မှုသဘောဖြင့် အပစ်အခတ်ရပ်စဲခဲ့ကြပြီးနောက် စစ်ကောင်စီက လမ်းများကို ပြန်ဖွင့် ပေးခဲ့သော်လည်း တစ်ချို့ဒေသများမှာ လက်ရှိအချိန်ထိ လွတ်လပ်စွာသွားလာခွင့်မရရှိသေးဘဲ အကန့်အသတ်ဖြင့်သာ သွားလာနေကြရခြင်းဖြစ်သည်။

#မောင်တောမြို့ #မြောက်ပိုင်းစစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် #အုပ်ချုပ်ရေးမှူးထောင်ခံစာ