နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၂၄ ရက်
စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ)ဌာန ညွှန်ကြားရေမှူးချုပ် Peng Xiubin က လာရောက် တွေ့ ဆုံမှုသည် တစ်ဖက်တည်းကိုသာ ဦးတည်နေခြင်းကြောင့် မြန်မာ့အရေးကို တရုတ်အနေဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။
မြန်မာပြည်ကို ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်က လာရောက်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ)ဌာန ညွှန်ကြားရေမှူးချုပ် Peng Xiubin သည် အဆိုပါစစ်ခေါင်းဆောင် ၂ ဦးနှင့် တွေ့ဆုံရာတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းအပါအဝင် ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံရေးအကျပ်အတည်း အဖြေရှာရေးလမ်းကြောင်းကို ဦးတည်ဆွေး နွေးခဲ့သည်ဟု သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
“တရုတ်က ဖြေရှင်းမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဗဟိုပြုတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့ကို ဗဟိုပြုတာပဲဖြစ်ဖြစ် အဲလိုရှင်းနည်းကို ဒီအချိန်ဒီကာလမှာရှိတဲ့ တော်လှန်ရေးသမား တွေနဲ့ ပြည်သူတွေက လက်ခံမှာ မဟုတ်ဘူး။ ဒရွတ်တိုက်ပြီးတော့ ဒီပြဿနာကြီးက မီးတောက်ပြီးတော့ ရွေ့နေဦးမယ့် အနေအထားပဲရှိတယ်” ဟု တောင်သူ လယ်သမားအကျိုးဆောင် ဦးဇော်ရန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တရုတ်အနေဖြင့် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို ချည်းကပ်လာမှုသည် ထိုသူတို့၏ အခန်းကဏ္ဌ ရှိနေသေးသည်ကို ဖော်ပြလိုက်ခြင်းဖြစ်ပြီး ပြည်သူကို မျက်နှာမူသော၊ ပြည်သူလူထုက လေးစားယုံကြည်သော တစ်ဖက်ဆိုဒ်နှင့်လည်း တွေ့ဆုံရန်လိုကြောင်း ဦးဇော်ရန်းက ဆိုသည်။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်ပြည်ကြားထဲမှာ သဘောထား ကွာဟချက်တချို့လည်း တစ်စုံ တစ်ရာရှိတာကိုး။ ဥပမာအားဖြင့် အာဆီယံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ချင်ပေမယ့် စစ်ကောင်စီက ဒါကိုလက်ခံတာ မဟုတ်ဘူးလေ။ အဲဒီအနေအထားတွေအပေါ်မှာ အရင်ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့အနေနဲ့ ဘယ်လိုသဘောထားလဲ၊ ဘယ်လိုအနေအထား လဲဆိုတာကို လာရောက်တီးခေါက် စုံစမ်းတယ်လို့တော့ ကျွန်တော်ကတော့ ယူဆပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်၍ တရုတ်အစိုးရဘက်ကရော၊ အာဏာသိမ်း စစ်ကောင်စီဘက်ကပါ တရားဝင်ထုတ်ပြန် ပြောဆိုခြင်းမျိုး မရှိသေးသော်လည်း သတင်းမီဒီယာများ၏ ဖော်ပြချက်တွင်မူ အလွတ်သဘော တွေ့ဆုံခြင်းဖြစ်ကြောင်း သိရှိရသည်။
“တရုတ်က မြန်မာပြည်ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း စားပွဲဝိုင်းဆွေးနွေးပွဲနဲ့ ဆွေးနွေးစေချင်တယ်။ ဒါပေမယ့် အဲဒါကို စစ်ကောင်စီဘက်က လုံးဝလိုက်လျော သဘောတူညီမှု မရှိခဲ့ပါဘူး။ နောက်တစ် ခုကတော့ တရုတ်က ကျောက်ဖြူရေနံပိုက်လိုင်းအပါအဝင် သူ့ရဲ့အကျိူးစီးပွားရေးနဲ့ ပတ်သက်တဲ့ကိစ္စမှာ ထိခိုက်နစ်နာမှုတွေမရှိဖို့အတွက် သူ (တရုတ်)က ကြိုးပမ်းတာပါ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
#တရုတ် #စစ်ကောင်စီတပ် #ဦးသန်းရွှေ #ဦးသိန်းစိန် #တွေ့ဆုံမှု #Ayeyarwaddy_Times