စစ်ဘေးရှောင်များအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအပိုင်း (၂)

ဆောင်းပါးရှင်-ဒေါက်တာမိုးသစ်နေ
ဧရာ၀တီတိုင်းမ် ၊ ဧပြီလ ၂၃ ရက်

စစ်ဘေးရှောင်နေရတဲ့ဒေသတွေနဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတဲ့ နေရာတွေမှာ စစ်ရှောင်ပြည်သူတွေဟာ စစ်ရဲ့ဆိုးမွေဖြစ်တဲ့ ကျန်းမာရေးပြဿနာကို ရင်ဆိုင် နေရပါတယ်။ စစ်နဲ့အတူယှဥ်တွဲ ပါလာတဲ့ ကျည်ဆံမှန်ခြင်း ၊ ဗုံးဆံမှန်ခြင်း ၊ မိုင်းထိခြင်း တွေကြောင့် ပြည်သူ့အသက်တွေဟာ တဖြုတ်ဖြုတ်ကြွေနေရသလို့ ဒုက္ခိတဘ၀ကို ပိုင်ဆိုင်လိုက်ရသူတွေဟာလည်း ဒုနဲ့ဒေးပါပဲ။

အဲ့ဒီလို အခြေအနေတွေ ရင်ဆိုင်လာရတဲ့ အခါမှာ ပြည်သူအချင်းချင်း အရေးပေါ်ကုသပေးပြီး အသက်တွေကိုကူညီကယ်တင်နိုင်ကြစေဖို့ ဒီတစ်ပါတ်မှာတော့ ကျည်ဆံထိမှန်ခြင်းနဲ့ သွေးထွက်လွန်ခြင်းတွေကို ကုသမှုပေးနိုင်ဖို့ ရှင်းပြပေးသွားပါမယ်။

အစုအပြုံလိုက် တိုက်ခိုက်ခံရတဲ့အခါ ဒဏ်ရာရ လူနာတွေ အမြောက်အများရှိနေမှာပါ။ ခက်ခဲတဲ့အခြေအနေမှာ ကျန်းမာရေးစောင့်ရှောက်ပေးသူနဲ့ လူနာအရေအတွက်ဟာ မမျှတတဲ့ အခြေအနေဖြစ်နေပြီ။ ဦးစားပေးလူနာ အဆင့်ခွဲဖို့ လိုအပ်နေပြီဆိုရင် အခုလို အဆင့်ခွဲပြီး ကယ်တင်ပါက ပိုပြီးထိထိရောက်ရောက်ကူညီနိုင်မှာပါ။

အသုံးများတဲ့လူနာအဆင့်သတ်မှတ်နည်းကတော့ ပြင်သစ်လူမျိုးတွေ စစ်ပွဲတွေမှာ သုံးခဲ့တဲ့ ထရိယ (Triage) နည်းပဲ ဖြစ်ပါတယ်။

စစ်ပွဲတွေမှာအသုံးပြုတဲ့အဆင့်လေးဆင့်
-အနီရောင်အဆင့်
-အဝါရောင်အဆင့်
-အစိမ်းရောင်အဆင့် နဲ့
-အနက်ရောင်အဆင့်ဆိုပြီး ခွဲထားပါတယ်။

အနီရောင်အဆင့်ကို နံပါတ်တစ်ဦးစားပေးအဖြစ် သက်မှတ်ထားပြီး အဲဒီလို ကြုံတွေ့ရတဲ့ လူနာတွေဟာ အခြေအနေဆိုးတာမို့ အချိန်မဆွဲဘဲ ချက်ချင်းကယ်တင်ဖို့လိုအပ်ပါတယ်။

အနီရောင်အဆင့် ဦးစားပေးသက်မှတ်ခံရသူတွေကတော့ ခေါင်းနဲ့ လည်ပင်း ရင်ဘက် ဝမ်းဗိုက် ကျည်ဆန်ထိမှန်ဒဏ်ရာသူများ၊ သွေးထွက်လွန်‌ နေသူများ အပြင် ခေါင်းထိခိုက်ထားသူ နဲ့ လောင်ကျွမ်းဒဏ်ရာရထားသူတွေ ပါဝင်ပါတယ်။ သူတို့ကို ဆေးရုံဆေးခန်း medical camp မှာ ချက်ခြင်းကုသရပါမယ်။ ချက်ခြင်း ကုသခြင်းမပြုနိုင်ရင် အသက်ဆုံးရှုံးရမယ့် လူနာတွေမို့ပါ။

အဝါရောင်အဆင့် ဒုတိယဦးစားပေးလူနာတွေ ကိုလည်း အမြန်ဆုံး ကုသပေးနိုင်ရင် ကောင်းပါတယ်။ ခြေလက်တွေမှာ ကျည်ဆံထိမှန်ဒဏ်ရာရထားသူများ၊ ဒဏ်ရာ ရထားပြီး သွေးအတန်အသင့်ထွက်နေသူများ (သွေးထွက်လွန် အဆင့်မရောက် သေးသူများ) ကို ယာယီစောင့်ဆိုင်းပြီး ဒုတိယဦးစားပေးအဆင့်မှာ ခဏထားနိုင်ပါတယ်။ ဒါကိုလည်း အခြေအနေပေးတာနဲ့ အမြန်ဆုံး ကုသပေးရမှာဖြစ်ပါတယ်။

အစိမ်းရောင်အဆင့် တတိယဦးစားပေးလူနာတွေကတော့ ဒဏ်ရာငယ်များ သာ ရရှိထားသူတွေကို ဆိုလိုပါတယ်။ အပေါ်ယံပွန်းပေါက်ပြဲအနာကို သန့်စင်‌ဆေးကြောပြီး ဆေးထည့်ရန်‌သာ လိုပါတယ်

အနက်ရောင်အဆင့်ကတော့ ဒဏ်ရာရသေဆုံးသူတွေဖြစ်ပြီး သူတို့ကို အန္တရာယ် ကြားမှာရှိတဲ့အခြေအနေမှာ ချက်ခြင်း အလောင်းကောက်တာမျိုး မလုပ်ပါနဲ့။ သွားကောက်မယ့်သူပါ ထပ်ပြီးတော့ အသက်အန္တရာယ် ရှိနိုင်လို့ပါ။ အဲ့ဒီအချက်ကို လေးလေးနက်နက် သတိထားသင့်ပါတယ်။

အဲ့ဒီလို လူနာအဆင့်ကို စနစ်တကျ ခွဲခြားပြီးလုပ်ဆောင်နိုင်မယ်ဆိုရင် အသက်‌တွေကို ပိုပြီးတော့ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

ကျည်ဆံထိမှန်သူကိုကုသဖို့

သေနတ်ကျည်ဆံထိမှန်လူနာကို ကုသဖို့အတွက် ဒဏ်ရာရဲ့ ပြင်းထန်မှုကို သိဖို့လိုအပ်ပါတယ်။ လူနာအခြေအနေကို တည်ငြိမ်စေဖို့ သွေးထွက်ရပ်တန့်ဖို့ အပါအဝင် ဆေးရည်သွင်းကုသရပါမယ်။ လိုအပ်ရင် အောက်ဆီဂျင် ပေးရပါမယ်။ ထိခိုက်ဒဏ်ရာ အတိုင်းအတာသိဖို့ X-ray ဓါတ်မှန်ရိုက်ဖို့ လိုအပ်ပါတယ်။ အဖြေရလဒ်တွေပေါ်မှာ အခြေခံပြီး ပျက်စီးနေသော ကိုယ်တွင်းအင်္ဂါတွေကို ခွဲစိတ်ကုသဖို့အတွက် ဒဏ်ရာ ပြင်ပအရာဝတ္ထုတွေကို ဖယ်ရှားပြီး ရောဂါပိုးမကူးစက်အောင် ပဋိဇီဝပိုးသတ်ဆေးများနဲ့ နာကျင်မှုသက်သာဖို့ ဆေးဝါးတွေပေးရန် လိုပါတယ်။ သေနတ်ဒဏ်ရာတွေကို ကုသတဲ့အခါမှာ ကိုယ်လက်အင်္ဂါ‌ နေရာပေါ်မူတည်ပြီးကွာခြားပါတယ်။

ခြေထောက် နဲ့ လက်တွင် ကျည်ဆံထိမှန်ပါက

ဒဏ်ရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့အတွက် (အဝတ်တွေကို ဖယ်ပြီး) ကြည့်ရှု စစ်ဆေးပါ။ ကျည်ဝင်ပေါက် နှင့် ကျည်ထွက်ပေါက် ဒဏ်ရာတွေကိုရှာပါ။ ဒဏ်ရာကို အကြောသွင်း ဆေးရည် များများနဲ့ စင်ကြယ်အောင် ဆေးပေးပါ။ ပိုးသတ်ပတ်တီး သို့မဟုတ် အဝတ်သန့်ဖြင့် ကျည်ဝင်ပေါက်၊ ကျည်ထွက်ပေါက် ဒဏ်ရာတွေကို ပိတ်ပြီး စည်းပေးထားရပါမယ်။ သွေးအလွန်အကျွံ မထွက်ရင် သွေးတိတ်သည်အထိ ဆက်လက် ကူညီပေးပါ။ ဒဏ်ရာထဲမှာ တစ်ခုခုစိုက်နေမယ်ဆိုရင် စိုက်နေတဲ့ပစ္စည်းကို ဆရာဝန် အကူအညီမပါဘဲ ဆွဲမထုတ်ပါနဲ့။ နီးစပ်ရာ ဆေးရုံ ဆေးခန်းနဲ့ medical camp တွေကို ပို့ပေးရပါမယ်။

သွေးအလွန်အကျွံ ထွက်နေမယ်ဆိုရင် သွေးထွက်တဲ့ နေရာကိုရှာရပါမယ်။ သွေးထွက်တဲ့ နေရာကို လက်နဲ့ဖိပါ။ Pressure Dressing ထည့်ဖို့ ပတ်တီးစအရှည်ကို အစွန်း တစ်ဖက်မှစ၍ ဒဏ်ရာအပေါက် ပြည့်တဲ့အထိ ထည့်ပါ။ သွေးတိတ်စေဖို့အတွက် လက်ဖြင့်ဆက်လက် ဖိပေးပါ။ ပတ်တီးကို ကြပ်ကြပ် စည်းပေးထားရပါမယ်။ မျှော့ပတ်တီး elastic bandage လည်းသုံးနိုင်ပါတယ်။သွေးထွက်နေတဲ့ ခြေလက်ကို အမြင့် မှာ မြှောက်ထားပေးပါ။

ကြပ်စည်းခြင်း

သွေးမတိတ်သေးဘူးဆိုရင် tourniquet ကြပ်စည်းရပါမယ်။ အဝတ်စအရှည် ကြိုး သားရေပြားတွေကို သုံးလို့ရပါတယ်။။ ဒဏ်ရာရဲ့အပေါ် နှစ်လက်မအကွာမှာ ကြပ်စည်းပါ။ ကြပ်စည်းတဲ့အခါ အားသက်ရောက်မှုပိုရှိစေဖို့အတွက် ထုတ်ချောင်းခံပြီး စည်းပေးလည်းရပါတယ်။ နှစ်နာရီခြားတစ်ခါ လျှော့ပေးပါ။ ခံထား ၊ ထည့်ထားတဲ့ အဝတ်စ ပတ်တီးစတွေကို သွေးတိတ်သွားရင်တောင် မဖယ်ပါနဲ့။ အပေါ်ကနေ ထပ်တင် ပတ်တီး စည်း‌ပေးရပါမယ်။ Tourniquet ကြပ်စည်းခြင်းကို ၆နာရီထက်ပို၍ မစည်းသင့်ပါဘူး။ ခြေ/လက် များ ဆုံးရှုံးသွားနိုင်ပါတယ်။ နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းနဲ့ medical camp တွေကို ပို့ဆောင်ရပါမယ်။

ရင်ဘတ်နှင့် နောက်ကျောဘက် ကျည်ဆံဒဏ်ရာ

ရင်ဘတ် နှင့် နောက်ကျောဘက် ကျည်ဆံဒဏ်ရာရပါက အဆုတ်နဲ့ အဆုတ်အမြှေးပါးကို ထိခိုက်ပျက်စီးနိုင်ပါတယ်။ ပြင်ပလေ အဆုတ်ထဲ မဝင်စေဖို့အတွက် လုံအောင်ပိတ်ထားဖို့ လိုအပ်ပါတယ်။ ကျည်ဝင်ပေါက်၊ ကျည်ထွက်ပေါက် ဒဏ်ရာနှစ်ခုစလုံးကို ပလတ်စတစ် (ဒါမှမဟုတ်) တိပ်နဲ့ ပိတ်ကိုပိတ်ပေးထားရပါမယ်။ အဲ့ဒီလို မလုပ်ရင် Pneumothorax လို့ခေါ်တဲ့ အဆုတ်အမြှေးပါးထဲ လေဝင်ခြင်းကြောင့် အသက်ရှူမရဘဲ အဆုတ် ပျက်စီးပြီးသေဆုံးနိုင်ပါတယ်။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း နဲ့ medical camp တွေကို ဦးစားပေး ပို့ရပါမယ်။ ခွဲခန်းဝင် ပြီး ခွဲစိတ်ကုသဖို့ လိုအပ်ပါမယ်။

ဝမ်းဗိုက် နဲ့ ခါးကျည်ထိမှန်ပါက

ဝမ်းဗိုက် နဲ့ ခါးကျည်ထိမှန်ပါက ဘေလုံး ၊ ကျောက်ကပ်အပါအဝင် ကိုယ်တွင်း ကလီစာတွေ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ကျည်ဝင်ပေါက်၊ ကျည်ထွက်ပေါက် ဒဏ်ရာ နှစ်ခုလုံးကို ပလာစတာ ဒါမှမဟုတ် တိပ်နဲ့ လုံအောင် ပိတ်ပေးပါ။ ဒဏ်ရာကြီးရင် ပိုးသတ်ပက်တီး၊ အဝတ်သန့် စတာတွေနဲ့ သေချာဖိအုပ်ပေးပြီး ပတ်တီးထိန်းစည်းပေးပါ။ ဂွမ်းစကို သုံးလို့မရပါဘူး။ ဗိုက်ပွင့်ပြီး ကလီစာတွေ ထွက်တဲ့အထိ ဖြစ်နေရင် ပြန်ထည့်ဖို့ မကြိုးစားဘဲ အပေါ်ကနေပြီး ပတ်တီးနဲ့ အုပ်ထားပေးပါ။ ဆီးအိမ်ကို ထိမှနါတာမျိုးဆို အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ဆေးရုံ ၊ ဆေးခန်း ၊ medical camp တွေကိုသာ ဦးစားပေး ပို့ဆောင်ရပါမယ်။။ ခွဲခန်းကို အသုံးပြုပြီး ကုသရပေးရမှာ ဖြစ်ပါတယ်။

ဦးခေါင်းနှင့်လည်ပင်း ကျည်ဆံထိမှန်ပါက

ဦးခေါင်းနဲ့ လည်ပင်း ကျည်ဆံထိမှန်ခဲ့ရင် ပိုးသတ်ပတ်တီးစ နဲ့ အဝတ်သန့်တွေ သုံးပြီး သွေးထွက်ဒဏ်ရာကို လက်နဲ့ ဖိပေးပါ။ ခေါင်းဒဏ်ရာကို တင်းကြပ်စွာ ပတ်တီးစည်းမယ်ဆိုရင် သွေးတိတ်နိုင်ပေမယ့် လည်ပင်းကိုတော့ ပတ်တီးစည်းလို့ မရနိုင်တာကြောင့် ကုသမှု ခက်ခဲပါတယ်။ အဓိက အာရုံကြောမကြီးက ကျောရိုး တစ်လျှောက်မှာတည်ရှိပါတယ်။ လည်ပင်းထိရင် လည်ပင်းကော်လာပစ္စည်း တပ်ပေးပါ။ မရှိဘူးဆိုရင် ဘေးကနေ ထိန်းပြီးမလှုပ်မိအောင်ဂရုစိုက်ရပါမယ်။

ဦးခေါင်းထိခိုက်ဒဏ်ရာရပါက သတိကောင်းစွာ ရှိမရှိ စစ်ဆေးပေးရပါမယ်။ သတိမရှိတဲ့ လူနာဆိုရင်စိုးရိမ်ရပါတယ်။ တကယ်လို့ဦးခေါင်းခွံ အက်ကွဲပြီး ဦးနှောက်အပိုင်း အစတွေ မြင်နေရရင် ပတ်တီးအမြန်အုပ်ပေးပါ။ ခေါင်းနှင့်လည်ပင်းထိခိုက်မိပါက နီးစပ်ရာ ဆေးရုံ ဆေးခန်းများသို့ နံပါတ်တစ် ဦးစားပေး ပို့ဆောင်ပါ။ ခွဲစိတ်ကုသမှု‌တွေကို လိုအပ်တာကြောင့်ပါ။

စစ်ကောင်စီတပ်၏လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု

စစ်ကောင်စီတပ်ဟာ မြို့နယ် ကျေးရွာတွေမှာရှိ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်မြေပြင်လို သဘောထားပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူတွေဟာ အစုအပြုံလိုက် ထိခိုက် ဒဏ်ရာတွေ ရကြပါတယ်။ သေကြေပျက်စီးရပါတယ်။ ဒဏ်ရာတွေ ပြင်းထန်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အရင်းအမြစ်တွေ နည်းပါးတာကြောင့် စစ်ကောင်စီက လက်နက်အားကိုးပြီး သတ်ချင်တိုင်း သတ်လို့ရနေတဲ့အခြေအနေကို ပြည်သူတွေ ရင်ဆိုင်နေပါတယ်။

ဆရာဝန်တစ်ဦးအ‌နေနဲ့ အလားတူအခြေအနေတွေ ကြုံတွေ့လာပါက စနစ်တကျ ဦးစားပေးလူနာ အဆင့်ခွဲခြားပြီး အကဲဖြတ် ကုသဖို့ပြင်ဆင်ရပါမယ်။ သွေးထွက် လွန်ခြင်း၊ အသက်ရှူလေလမ်းကြောင်းပိတ်ဆို့ခြင်း နဲ့ အဆုတ်အမြှေးပေါက်ပြဲလို့ အဆုတ်ပျက်စီးခြင်းလို အသက်အန္တရာယ်ရှိတဲ့ ဒဏ်ရာတွေကို ခွဲခြားသတ်မှတ်ပြီး ဦးစားပေး အသက်ကယ်တင်ကုသရပါမယ်။ အောက်ဆီဂျင်ပေးရှူခြင်း၊ သွေးထွက်ခြင်း ကို ထိန်းချုပ်ခြင်းနဲ့ ဆေးရည်များသွင်း၍ အခြေအနေကို တည်ငြိမ်အောင် ထိန်းရပါမယ်။

လေယာဉ်နဲ့ ဗုံးကြဲချတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဒဏ်ရာတွေမှာ ပေါက်ကွဲဒဏ်ရာများ၊ မီးလောင်ဒဏ်ရာများ၊ အရိုးကျိုးကြေမှုများ၊ ကျည်ဆံများ ၊ ဗုံးအစအနများ နဲ့ အပျက်အစီးများမှ ကိုယ်ခန္ဓာအတွင်း ထိုးဖောက်ဝင်ထားတဲ့ဒဏ်ရာတွေ ပါဝင်ပါတယ်။ အနာသန့်ရှင်းရေးပြုလုပ်ခြင်း၊ အညစ် အကြေး များဖယ်ရှားခြင်းနဲ့ ပဋိဇီဝ ပိုးသတ်‌ ဆေးတွေနဲ့ ကုသခြင်းတွေအပြင် အသက်ကယ် ခွဲစိတ်မှုတွေ ပြုလုပ်ဖို့ လိုအပ်တာကြောင့် ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

နောက်တစ်ပတ်မှာတော့ စစ်ပွဲတွေကြောင့် ရရှိလာ ထိခိုက်ဒဏ်ရာတွေထဲက အရေးပေါ် ကုသရမယ့် အရိုးကျိုးခြင်းကုသမှုအကြောင်း ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံသား အားလုံး ဒုက္ခကုန်ဆုံးပြီး မဝေးတော့တဲ့ ခွင့်တူညီမျှ ပြည်သူဘဝကို အမြန်ဆုံးရရှိနိုင်ဖို့ ဆုတောင်းမေတ္တာဝေမျှလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #စစ်ဘေးရှောင်များ #အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအပိုင်း၂ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)