“စစ်ဘေးရှောင်များအတွက် အရေးပေါ်ကျန်းမာရေး”
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဧပြီလ ၁၇ ရက်)
အန္တရာယ်ဇုန်ထဲမှာရှိနေကြတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်နေပါတယ်။ ညသန်းခေါင် စစ်ကြောင်းထိုးတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ လေယာဉ်သုံးဗုံးကြဲချတာတွေလို လူမဆန်တဲ့ နည်းလမ်းတွေသုံးပြီး ကိုယ့်ပြည်သူတွေကို ကိုယ်တိုင်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ ယုတ်မာမှုတွေကို အားလုံးမြင်တွေ့ကြားသိခဲ့ပြီးဖြစ်မှာပါ။နေရာတိုင်းကလည်း တဖြည်းဖြည်း အန္တရာယ်ဇုံဖြစ်လာပါတယ်။ အကြမ်းမဖက် အာဏာဖီဆန် CDM ပြုလုပ်နေတဲ့ ကျန်မာရေးဝန်ထမ်း ဆရာဝန် သူနာပြု တွေကိုလည်း စစ်ကောင်စီက အငြိုးနဲ့ဖိနှိပ်လျက်ရှိတာကြောင့် ပြည်သူလူထုက သာ၍ပို၍ ဒုက္ခရောက်ရပါတယ်။ ပြည်သူကို ကူညီနေတဲ့ CDM ကျန်းမာရေးစောင့်ရှောက်ပေးနေသူတွေကို ဝရမ်းထုတ် ဖမ်းဆီး နှိပ်စက်ရုံမျှ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကြောင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေယိုယွင်းပျက်စီးနေရပါတယ်။ လူတိုင်းရပိုင်ခွင့် ဆေးကုသခွင့်ကို ဖျက်ဆီးရုံမျှမက ဆေးဝါးပစ္စည်း ဖြန့်ဖြူးပို့ပေးခြင်းကိုပင် ပိတ်ပင်တားဆီးလျက်ရှိပါတယ်။ ဒီအမှန်တရားကို ရင်ဆိုင်အန်တုဖို့ စစ်ရှောင် စစ်ဒဏ်သင့် ပြည်သူတွေအတွက် ထိခိုက်ဒဏ်ရာ ဖြစ်ပါက အရေးပေါ် ကုသရမယ့်လုပ်ငန်းစဉ်တွေကို ပညာပေးသွားပါမယ်။
ဒီတစ်ပါတ်မှာတော့ အသေးစားပွန်းပဲ့ဒဏ်ရာနဲ့ မီးလောင်ဒဏ်ရာတွေအကြောင်း ကို စတင်ပညာပေးပါမယ်။
အသေးစားပွန်းပဲ့ ဒဏ်ရာရလျှင်ကိုင်တွယ်ဖြေရှင်းဖို့အတွက် လိုအပ်သော ပစ္စည်းများကို အရေးပေါ်ဆေးအိတ်အဖြစ် ကြိုတင်စုဆောင်းရပါမယ်။
အရေးပေါ်ဆေးအိပ်-ဆေးသေတ္တာ
ဆေးဝါရည် (Betadine Septadine…) အရက်ပြန် NS ဆေးရည်ကြည် ပိုးသတ်ပတ်တီးစ အဝတ်စ
ရိုးရိုးပတ်တီးလိပ်များ သုံးမြှောင့်ပတ်တီး မျှော့ပတ်တီး
ဂွမ်းခြောက် ဇာဂနာ လက်အိတ်များ ပလာစတာ စက္ကူတိပ် ကက်ကြေး ဓါတ်မီးငယ်
အမျိုးသမီးလစဉ်သုံးပစ္စည်း
ဆေးဝါးများ ဓါတ်ဆား မျက်ရည်တုမျက်စဉ်းခတ်ဆေးရည်ဘူး အပူလောင်နာ လိမ်းဆေးSilver Cream ဒါတွေ လိုအပ်ပါတယ်။
NS ( normal saline )
အကြောသွင်း ဆေးရည် ကို ဆလိုင်းချိတ်ရန် (ပုလင်းကြီး အကြောဆေးသွင်းရန်)သာ သုံးတာမဟုတ်ပါဘူး။ ဒဏ်ရာ ဆေးဖို့ အတွက် အကောင်းဆုံး အရည်ဖြစ်ပါတယ်။
အနာဆေးဖို့ သုံးတော့မယ်ဆို ပုလင်းထိပ်မှ ကွင်းကို ဆွဲဖြုတ်ပါ။အပ် (18G needle) ဖြင့် ထိုးစိုက်ပြီး အရည်ထွက်ပေါက် လုပ်ပါ။ပုလင်းကိုညှစ်ပြီး ဆေးရည်ကို အနာပေါ် ဖြန်း ဆေးပေးနိုင်ပါတယ်။
အိမ်တွင် ပိတ်စများ ပိုးသတ်နည်း
ပတ်တီးများ ဝယ်မရလျှင် အဝတ်စ သန့်သန့်လိုပါတယ်။ အရွယ်စုံ ညှပ်ထားပါ။ ရေငွေ့နှင့် ၃၀ မိနစ် မှ ၄၅ မိနစ်ကြာ ပေါင်းပြီး ပိုးသတ်နိုင်ပါတယ်။ပေါင်းအိုးသုံးပါ။ မရှိပါက ဟင်းချက် ထမင်းချက် အိုးကြီးများကို သုံးပြီး ရေဆူရေငွေ့နှင့် ထိတွေ့စေပြီး အဝတ်စများကို ပိုးသတ်ရပါမယ်။
အရက်ပြန်သုံးပြီး အတွင်းပိုင်း သန့်ရှင်းထားသော ဗူးဖြင့် ပတ်တီး- ပိုးသန့် အဝတ်စများကို သိမ်းဆည်းထားပါ။
ခန္ဓာကိုယ် မည်သည့်နေရာတွင်မဆို အပေါ်ယံ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာရပါက အရေးပေါ်ကုသမှုကြိုတင်လုပ်ပေးရပါမယ်။ ဒဏ်ရာကို ဓာတ်ပုံရိုက်ထားပါ။ ဆရာဝန် ရောက်လာလျှင် ပြန်ပြသနိုင်ဖို့အတွက်ပါ။
ဆရာဝန်မရှိပါက ကျန်းမာရေးအကြံဉာဏ်ရယူဖို့ တယ်လီကျန်းမာ အပါအဝင် online မှ ကူညီကုသနေတဲ့ ဆရာဝန်များကို တိုင်ပင်ဆွေးနွေးပြသတဲ့အခါ အထောက်အကူဖြစ်မှာပါ။
အနာကို ပထမဆုံး သန့်ရှင်းရေးလုပ်ပါ။ ရေသန့်သန့်နဲ့ဆေးပါ။ Normal Saline ကိုအသုံးပြုပြီးဆေးကြောတာက အကောင်းဆုံးပါ။ သဲ ခဲ ဖုန် အမှိုက် အပါအဝင် အညစ်ကြေးတွေ ပြောင်စင်အောင် ဆေးကြော ဖယ်ရှားရပါမယ်။ ဒဏ်ရာကိုခြောက်သွေ့အောင် ထားပါ။
အရက်ပြန် လောင်းချတာမျိုး လုံးဝမလုပ်ရပါ။
အနာဘေးပတ်ဝင်းကျင်ကို သာသန့်ရှင်းရေးလုပ်ဖို့သုံးရမှာပါ။ အနာကိုဆေးထည့်ဖို့အတွက် ဆေးဝါရည်လို့ သိကြတဲ့ အိုင်အိုဒင်းဆေးရည် (Betadine Septadine…) သုံးရပါမယ်။ ဆေးထည့်ပြီးတဲ့အခါမှာ အနာဒဏ်ရာကို Sterile Gauze (ပိုးသတ်ပတ်တီးစ) အဝတ်သန့်သန့်ကို အုပ်လျက် အနာဆေးစီးတာတွေ လုပ်ပေးလို့ရပါတယ်။
နာကျင်တာအတွက် အကိုက်ခဲပျောက်ဆေး
ညစ်ပတ်တဲ့အနာဖြစ်ရင် ပိုးသတ်ဆေး
ရောင်ယမ်းတာသက်သာဖို့ အရောင်ကျဆေး
အနာအကျက်မြန်ဖို့ ဗိုက်တာမင်စီ ဆေးတွေ ညွှန်ရပါမယ်။ မေးခိုင်ရောဂါကာကွယ်ဆေးထိုးရပါမယ်။ အနာကို သန့်သန့်ရှင်းရှင်း ခြောက်ခြောက်သွေ့သွေ့ ထားပါမယ်။ အနာကျက်သည်အထိ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
……………..
မီးရှို့ခံရခြင်းအပါအဝင် ပေါက်ကွဲမှုနှင့်ကြုံတွေ့နိုင်တာကြောင့် ပြင်ဆင်လေ့လာထားဖို့ အရေးကြီးပါတယ်။
ဒဏ်ရာရ လူနာတစ်ယောက်ကို စတင်ကြည့်ရှု ကယ်တင်ဖို့ A,B,C,D, & E အဆင့်တွေသိထားရင် စနစ်တကျ ကူညီနိုင်ပါတယ်
E (Environment/Exposure) ကနေ စတင် လုပ်ဆောင်ပါမယ်။
ပထမဆုံးလုပ်ရမှာက လွတ်ကင်းရာကို ရှောင်ရပါမယ်။
A-Airway အသက်ရှူလမ်းကြောင်းပွင့်နေရပါမယ်
B-Breathing အသက်ရှူ/မရှူ စစ်ဆေးပြီး ရှူနိုင်ဖို့လုပ်ရပါမယ်။
C-Circulation သွေးလည်ပတ်မှု စစ်ဆေးပြီး လိုအပ်တဲ့ကုသမှုပေးရပါမယ်။
D-Disability ထိခိုက်မှု နဲ့ သတိရှိမှု အခြေအနေ စစ်ဆေးရပါမယ်
First Aid/CPR – ရှေးဦးအသက်ကယ်ပြုစုနည်း ကို လေ့လာထား လေ့ကျင့်ထားနိုင်ရင် ကောင်းပါတယ်။
အပေါ်ယံ မီးလောင်ဒဏ်ရာများကို ပြုစုကုသရာမှာတော့ မီးလောင်ထိတွေ့ခဲ့တဲ့အဝတ်အစားများကို အရင်ချွတ်ပါ။ဖယ်ရှားဖို့လိုပါတယ်။ ရေသန့် ဒါမှမဟုတ် NS (အကြောသွင်း ဆေးရည်) နဲ့ အချိန်ကြာကြာလေး ဆေးကြောရပါမယ်။ရေခဲရေလောင်းတာ ငါးပြာရည်တွေလောင်းတာ မလုပ်ရပါဘူး။ပွန်းပဲ့ဒဏ်ရာကုတာနဲ့ ဆင်တူပါတယ် ။
အပိုထပ်ဆောင်း လုပ်ပေးရမှာကတော့ Silver sulfadiazine cream (Silverderm cream, silver Gel )လိမ်းပေးရပါမယ်။ ပိုးသန့်စင်ထားတဲ့ အဝတ်- ပတ်တီးဖြင့် စည်းပေးထားလို့ ရပါတယ်။
အရည်ဓါတ် အသားဓါတ် ပြန်ဖြည့်ပေးနိုင်မှ သက်သာမှာ ဖြစ်ပါတယ်။
ပြင်းထန်မီးလောင်ဒဏ်ရာ
ရင်ဘတ် ၊ ဝမ်းဗိုက် ၊ ခြေ လက် လိင်အင်္ဂါ စသည်ဖြင့် လောင်မြိုက်ခံထားရတဲ့ ကိုယ်ခန္ဓာ မျက်နှာပြင်ရာခိုင်နှုန်းတွက်ယူပြီး စနစ်တကျ တွက်ချက်ကုသမှုကို ပေးနိုင်ရပါမယ်။ ဆေးရုံ ဒါမှမဟုတ် medical camp တွင် မဖြစ်မနေ ကုသရပါမယ်။နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း medical camp သို့ အမြန်ဆုံး ပို့ဆောင် ပေးရပါမယ်။ ပို့ဆောင်နေစဉ် လမ်းမှာ ခြောက်သွေ့သော အဝတ်၊ ပိတ်စ များ လူနာကို ဝတ်ဆင်လဲလှယ်ပေးထားရပါမယ်။
မီးခိုးငွေ့လောင်ပြီး အသက်မရှူနိုင်တာ – ရင်ကြပ်နေတာ စကားမပြောနိုင်တာ -သတိမေ့သွားတာ
အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းထိခိုက်ပြီး အဆက်မပျက် ချောင်းဆိုးနေတာ တွေက အသက် အန္တရာယ် ရှိသော လက္ခဏာတွေပါ။
မျက်နှာ၊ လည်ပင်း အရေပြား လောင်ကျွမ်း အရောင်ပြောင်းနေတဲ့အခါ ၊ ဆံပင်မွေး မျက်နှာမွေး နှာခေါင်းမွေးများမီးကျွမ်းဒဏ်ရာတွေရတဲ့အခါ ထိခိုက်မှုပြင်းပြီး အသက် ဆုံးရှုံးနိုင်ကြောင်းကောက်ချက်ချနိုင်ပါတယ်။
လူနာကို အသက်ရှူနိုင်အောင် ပြုလုပ်ဖို့ အဓိက လိုအပ်နေပါတယ်။ အောက်မေးရိုးဆွဲ ပါးစပ်နှင့် အသက်ရှုနိုင်အောင် လုပ်ပေးရပါမယ်။ အောက်စီဂျင် ရှိလျှင် အမြန်ပေးရှူထားရပါမယ်။ ကုန်ဆုံးသွားတဲ့ ခန္ဓာကိုယ် အရည်ဓါတ် ပြန်ဖြည့်မှသာ ရှင်သန်နိုင်မှာပါမယ်။
ပိုပြီးစုံစုံလင်လင် လေ့လာလိုပါက A Yay Paw ဖုန်း အပီကေးရှင်းဖြင့်လည်း ဝင်ရောက်လေ့လာနိုင်ပါကြောင်း လမ်းညွှန်လိုက်ပါတယ်။
ဆေးအိတ်ပြင်ဆင်ခြင်း အနာသန့်ရှင်းဆေးထည့်ခြင်း နည်းလမ်းတွေ ပြောပြပြီးတဲ့အခါ နောက်တစ်ပတ်အတွက် စစ်မက်ကြောင့်ထိခိုက်ဒဏ်ရာ ဖြစ်ပါက အရေးပေါ် ကုသရမယ့် လုပ်ငန်းစဉ်တွေအကြောင်း ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အားလုံး ဒုက္ခကုန်ဆုံးပြီး မဝေးတော့တဲ့ ခွင့်တူညီမျှ ပြည်သူဘဝကို အမြန်ဆုံးရရှိနိုင်ဖို့ ဆုတောင်းမေတ္တာဖြန့်ဝေလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #စစ်ဘေးရှောင် #ဆောင်းပါး #Ayeyarwaddy_Times