ဧရာဝတီတိုင်းမ်
(သထုံ)၊ ဧပြီလ ၁၇ ရက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်နယ်မြေရဲစခန်းအား ယနေ့ ဧပြီလ ၁၇ ရက်နေ့ (နှစ်ဆန်း ၁ ရက်နေ့) မနက် ၁၀ နာရီ ဝန်းကျင်တွင် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ HRSဒရုန်းတပ်ဖွဲ့နှင့် KNLA တပ်ခွဲ (၃) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးရှိ ရဲတပ်သား ၂၀ ဝန်းကျင်ရှိ သိမ်ဆိပ်နယ်မြေရဲစခန်းအား ပူးပေါင်းတပ်ဖွဲ့များမှ ၄၀ မမလက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ တပ်သား ၄ ဦးသေဆုံးခဲ့ပြီး စခန်းမှူးအပါအဝင် ဒဏ်ရာရှိသူများပြားခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

“အဲ့ဒီရဲခန်းက အင်အား ၂၀ ဝန်းကျင်ရှိတယ်။ အခုတော့သူတို့ဘက်က တိုက်ခိုက်ခံရပြီးနောက်ငြိမ်နေတယ်။ ကျွန်‌ေတာ်တို့ဘက်က‌တော့ လုံခြုံစွာပြန်ဆုတ်နိုင်ခဲ့ပြီ။ ရဲစခန်းက ဒဏ်ရာရတွေကတော့ လူနာတင်ကားလာကြိုသွားပြီ။ ကျန်တဲ့သူတွေကတော့ စခန်းထဲရှိသေးတယ်” ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ ဧရာဝတီတိုင်းမ်ကိုပြောသည်။

သိမ်ဆိပ်ရဲစခန်းစခန်းမှူးမှာ ပခုံးကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် မော်လမြိုင်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး သေဆုံးသူမျအား သထုံဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါပူးပေါင်းတပ်ဖွဲ့သည် ဝင်းကအခြေစိုက် ခမရ ၉ တပ်ရင်းကိုလည်းယနေ့ဧပြီလ ၁၇ ရက်တွင် သိမ်ဆိပ်ရဲစခန်းနှင့်အတူ တစ်ပြိုင်နက်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးနေအိမ်၊ လိုင်းခန်း၊ ဗဟိုကင်းအဆောက်အဦ၊ လက်နက်ကြီးပစ်ကွင်းများ ဗုံးသီးထိမှန်ခဲ့ကြောင်းလည်း HRSဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

#သထုံ #သိမ်ဆိပ်ရဲစခန်း #တိုက်ခိုက်ခံရ #ခမရ၉ #Ayeyarwaddy_Times