ဧရာဝတီတိုမ်း
(ချင်း)၊ ဧပြီလ ၁၅ ရက်
စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်က နယ်မြေမစိုးမိုးနိုင်တော့သည့်အတွက် ပြည်သူလူထုများကို လူသားဒိုင်းအဖြစ်အသုံးချကာ လေကြောင့်ဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်နေကြောင်းချင်းအမျိုးသားတပ်မတော်(CNA)ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ
ချင်းအမျိုးသားတပ်မတော်၏ ဗစ်တိုးရီးယားဌာနချုပ်၊ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်နှင့် မင်းတပ်မြို့နယ်တို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေစုစုပေါင်း ၁၅၀ ကျော်ပြုလုပ်ခဲ့ပြီးအသက်မပြည့်သေးသော ကလေးငယ်များအပါအဝင် ဒေသခံပြည်အများအပြားသေဆုံးခဲ့သည်။
“စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာ ကျွန်တော်တို့အတွေ့အကြုံအရဆိုရင် စစ်ရေးမှာ အထိနာပြီဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တတ်တယ်။ နောက်ပြီးတော့ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာတာတွေရှိတယ်။ ပြည်သူနဲ့ ကျွန်တော်တို့အကြားမှာ အမြင်စောင်းမှုတွေ၊ ပြည်သူက ကျွန်တော်တို့ကို ကူညီပံ့ပိုးမှုတွေ မလုပ်နိုင်အောင် ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီးတော့ ရက်ရက်စက်စက်အကြမ်းဖက်လာတာ ရှိတာပေါ့နော်။ စစ်ကောင်စီတပ်တွေက ချင်းပြည်နယ်ဘက်ကို နောက်တခါ လာအုံးမယ့်အနေထားတော့ရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း အကောင်းဆုံးတော့ ပြင်ဆင်ထားတယ်”ဟု ချင်းအမျိုးသားတပ်မတော် – CNAမှ ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် အမိန့်အောက်တွင် နယ်မြေစိုးမိုးရေးအတွက် စစ်ကောင်စီက ပြည်သူလူထုများကို နှိပ်စက်နေပြီး လေကြောင်းဖြင့် အကြမ်းဖက်တိုက်ခိုက်လာသော်လည်း ပြည်သူလူထုဘက်တွင်ရပ်တည်ကာ အကောင်းဆုံးပြန်လည်ခုခံသွားမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မိုးတွင်းစစ်ဆင်ရေးနှင့် မိုးတွင်းရိက္ခာအတွက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ စစ်ကူများ၊လက်နက်နှင့်ရိက္ခာများသယ်ဆောင်လာသော စစ်ကောင်စီယာဥ်တန်းကို CNAနှင့် ချင်းကာကွယ်ရေးတပ်က အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်မှုကြောင့် သံချပ်ကာ ၂ စီးအပါအဝင် ယာဥ်အားလုံးကို ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။