ဧရာဝတီတိုင်းမ်
ဧပြီလ ၁၄ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဧပြီလ ၁၄ ရက်နေ့ (သင်္ကြန်အကျနေ့)မှာ ကမ်းနားလမ်းက ဗဟိုမဏ္ဍပ်ရှေ့လူစည်ကားစေဖို့အတွက် တောနယ်ဘက်က လူတွေကို ကားနဲ့ခေါ်ပြီး ကခိုင်းထားတာလို့ ဒေသခံတွေက ပြောပါတယ်။
သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးရဲ့မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့က ဗဟိုမဏ္ဍပ်ဖွင့်ချိန်မှာ လူအဲ့လောက်မစည်တာကြောင့် သင်္ကြန်အကျနေလူစည်လာအောင် မြို့နဲ့နီးစပ်တဲ့ ရွာတွေဘက်က လူတွေကို ကားတွေနဲ့ခေါ်ခိုင်းထားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ကျွန်တော် မနက်က ငပုတောဘက်သွားဖြစ်တယ်၊အဲ့မှာ ရှမ်းရွာ အညာစု ဘက်တွေက တောကလူတွေကို ကားအစီးလိုက်တွေနဲ့ လူစစုနေတာတွေ့တယ်၊ ဆိုင်ကယ်တွေနဲ့ရော တတ်လာကြတာများကြီးပဲ ပုသိမ်ဘက်ကို”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းကို ပြောပါတယ်။
စစ်ကောင်စီက သင်္ကြန်စည်ကားအောင် ပုသိမ်မြို့နဲ့ အနီးတဝိုက်က မြို့နယ်တွေက စစ်တပ်ထောက်ခံ သူတွေကို ခေါ်ယူတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ ကမ်းနားလမ်းမြို့တော်ခန်းမရှေ့က ဗဟိုမဏ္ဍပ်နားတဝိုက်သာ နယ်ကတက်လာသူတွေနဲ့ စည်ကားနေပြီး မြို့ထဲမှာတော့ ပုံမှန်အတိုင်းပဲ သွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ပုသိမ်မြို့ #စစ်ကောင်စီတပ် #သင်္ကြန်မဏ္ဍပ် #တောသားများပျော်ပါး #Ayeyarwaddy_Times