ဧရာ၀တီတိုင်းမ်
ဧပြီလ ၁၂ ရက်
သင်္ကြန်ကာလအတွင်း ပစ်မှတ်ထားတိုက်ခိုက်ခံရမည်စိုးရိမ်သဖြင့် စစ်ခေါင်းဆောင်များက မြန်မာနိုင်ငံ ဒေသအသီးသီး သိန်းနှင့်ချီသော စစ်ကောင်စီတပ်မိသားစုများကို တပ်ပြင်ထွက်ခွင့်ပိတ်ပင်ထားကြောင်း သတင်းရရှိသည်။
စစ်တပ်မိသားစုများအားလုံး သင်္ကြန်ကာလ၌ တပ်အပြင်မထွက်ရန်၊ တပ်တွင်းသို့လည်း အပြင်လူ ဝင်ခွင့်မပေးရန်နှင့် စစ်တပ်တွင်းရှိ တပ်မိသားစုသင်္ကြန်မဏ္ဍပ်များ၌သာ သင်္ကြန်ပွဲဆင်နွှဲကြရန် စစ်တိုင်းအသီးသီးမှ ၎င်းတို့ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များအားလုံးကို ညွန်ကြားထားကြောင်း သိရသည်။
“သင်္ကြန်ကာလမှာ တပ်အပြင် လုံး၀မထွက်ရဘူး။ တပ်အားလုံးမှာ အမိန့်ထုတ်ထားတယ်။ တပ်ထဲကိုလည်း အပြင်လူ ပေးမဝင်ဘူး။ တပ်တွင်းက သင်္ကြန်မဏ္ဍပ်တွေမှာပဲ ပျော်ကြဆိုတဲ့ပုံစံမျိုးပါ။ အပြင်မှာ စည်ကားဖို့ လုပ်နေတာက အပြင်လူတွေအတွက်ပဲ။ တပ်မိသားစုတွေ အပြင်လည်ခွင့်မရှိဘူး။ ပေးကိုမထွက်တာ။ အဓိကတော့ ပစ်မှတ်ထား တိုက်ခိုက်ခံရမှာစိုးလို့ထင်တယ်”ဟု မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်အရာရှိအသိုင်းအဝိုင်းအတွက် သင်္ကြန်ကာလအတွင်း စားသောက်ရန် အရက်ဘီယာနှင့် ရိက္ခာများကို တပ်ရင်းတချို့က ကြိုတင်ဝယ်ယူကြသလို အချို့သောတပ်ရင်းများကလည်း သင်္ကြန်ကာလတွင် စျေးဝယ်ဖို့ သတ်မှတ်ထားသောကားဖြင့်သာ ခွင့်ပြုချက်ဖြင့် အပြင်ထွက်စျေးဝယ်ရန် စီစဉ်နေကြကြောင်း သိရသည်။
“ပြည်သူတွေကိုသာ စည်ကားအောင် ထွက်ခိုင်းနေတာ၊ တပ်ထဲကလူတွေကျ အပြင်မထွက်ခိုင်းဘူး။ ပြီးရင် မဏ္ဍပ်တွေကို ဖောက်ခွဲရေးလုပ်ပြီး PDF လုပ်ပါတယ် လွှဲချဦးမယ်။ အန္တရာယ်မမြင်ဘဲ လည်တဲ့သူတွေတော့ ခံကြရမှာပေါ့”ဟု စစ်ကောင်စီတပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူ မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
မြို့ပြပျောက်ကျားတော်လှန်ရေးအင်အားစုတချို့က ပြည်သူလူထုကို ထိခိုက်စေမည့် မစ်ရှင်များ ပြုလုပ်မည်မဟုတ်သော်လည်း သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ်၏သင်္ကြန်မဏ္ဍပ်များနှင့် ဝေးဝေးနေရန် သတိပေးပြောဆိုထားသည်။
#တပ်ပြင်ထွက်ခွင့် #၂၀၂၃သင်္ကြန် #ပိတ်ပင်ထား #Ayeyarwaddy_Times