ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဧပြီ ၈ ရက်

ချင်းပြည်နယ်၊ မင်းတပ်-ယောနယ်စပ်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းဖြင့် ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။

ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က ၄ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့ ၁၁ နာရီခန့်က တစ်ကြိမ်၊ ည ၁၂ နာရီခန့်နှင့် နံနက် ၂ နာရီအချိန်တို့တွင် ၂ကြိမ်လာရောက်ဗုံးကြဲခဲ့ကြောင်းချင်းကာကွယ်ရေးတပ်-မင်းတပ်ထံမှ သိရသည်။

“ချင်းတောင််နယ်မြေထဲ တစ်မိုင်လောက် စစ်ကောင်စီတပ်တွေ ဝင်လာတာ။ ဆက်တက်လာမယ်မထင်ဘူး။ CDF-Mindat စိုးမိုးနယ်မြေထဲ စစ်ကောင်စီတွေ စစ်ကြောင်းမထိုးတော့တာကြာပြီ။ မလာရဲကြတော့ဘူး။ စစ်ကြောင်မှူးကအစ အသေကြောက်နေတာ။ကြောက်လို့လဲ လေကြောင်းပဲ ပစ်ကူတောင်းနေတာ”ဟု CDF-မင်းတပ် သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မကွေးတိုင်း၊ဆောမြို့နယ် တေးရွာနှင့် စံရွာတို့တွင် အင်အား ၁၅၀ ခန့်ရှိစစ်​ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃၀ ခန့်သေဆုံးနိုင်ကြောင်းသိရသည်။

ဆောမြို့နယ်၊ စံရွာနှင့်တေးရွာရှိ စစ်ဘေးရှောင်စခန်းနှင့်အတူ သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်၏ အလောင်းများကို ရောနှောမီးရှို့ခဲ့ပြီး ချင်းကာကွယ်ရေးတပ်-မင်းတပ်အနေဖြင့် MOD ကို အသေးစိတ် တင်ပြထားကာ တရားဝင်ထုတ်ပြန်မည်မဟုတ်ကြောင်းပြောဆိုသည်။

“အဲဒီစစ်ကြောင်းပဲ နှောပင်ထိပ်အထိ တက်လာတာဆိုတော့ အင်အား ၇၀ နှင့် ၈၀ ကြားရှိမယ်။ ဆိုတော့ အရင်တိုက်ပွဲမှာ ၃၀ လောက်ကျတယ်ဆိုတာ ဖြစ်နိုင်တယ်လို့ ကျွန်တော်ကတော့ သုံးသပ်တယ်။ စစ်ကောင်စီက ယောဒေသကိုပဲ ဖိနေတဲ့အနေအထားရှိတယ်။ အမာကိုရှောင်အပျော့ကို ဖိတဲ့သဘောပဲ”ဟု CDF-မင်းတပ် သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ဆက်လက်ပြောကြားသည်။

ချင်းကာကွယ်ရေး-မင်းတပ်အနေဖြင့် ယောဒေသအထိပါ စစ်ဆင်ရေး၊ တိုက်စစ်လုပ်ဖို့ ပြင်ဆင်ထားသော်လည်း ဒေသခံပြည်သူများကို ငဲ့ငှာပြီး စစ်ဆင်ရေးအပြည့်အဝမပြုနိုင်ကြောင်း၎င်းက ဆိုသည်။

ညီနောင်မဟာမိတ်များအနေဖြင့် အကူအညီတောင်းလာပါက ချင်းကာကွယ်ရေးအနေဖြင့် တတ်နိုင်သလောက်ကူညီတိုက်ကူပေးနေကြောင်းသိရသည်။

မင်းတပ်မြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းပြတ်တောက်ခံထားရပြီး ဆက်သွယ်ရေးအခက်အခဲကြောင့် CDF-Mindat ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်မေးမြန်းလို့မရသည့်အတွက် ချင်းကာကွယ်ရေးတပ်-မင်းတပ်သတင်း၊ပြန်ကြားနှင့် မှတ်တမ်းဌာနက ဖြေကြားပေးခြင်းဖြစ်သည်။
#ချင်းပြည်နယ် #မင်းတပ် #ယောဒေသ #နယ်စပ်ဒေသ #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #တိုက်ခိုက်
#Ayeyarwaddy_Times