ဧရာဝတီတိုင်းမ်
ဧပြီလ ၈ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ပေါ်က ဈေးတွေမှာ ဧပြီလဆန်းပိုင်းကစတင်ပြီး မနက်ပိုင်းဈေးလာသူတွေဆီက အလစ်သုတ်ခိုးယူမှုတွေ ပိုမိုဖြစ်ပွားလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က အမှတ် ၆ ရပ်ကွက် အောင်သီရိဈေး(ကုလားကုန်းဈေး)မှာ နေ့စဥ်ဈေးလာသူတွေဆီက အလစ်သုတ်နေတဲ့အမျိုးသမီးတစ်ဦးကို ပိုက်ဆံအိတ်နိူက်ယူနေစဥ်စောင့်ကြည့်ဖမ်းခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးရုံးကိုသွားရောက်အပ်နှံခဲ့ပေမယ့် မယူခင်ကဖမ်းတာကြောင့်သက်သေမရှိဆိုပြီးပြန်လွှတ်ပေးလိုက်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်က ဒါမျိုးမရှိပါဘူး ခုကနေ့တိုင်းကြားနေရတာ၊ ဈေး၀ယ်နေတုန်းဆွဲခြင်းထဲကပိုက်ဆံအိတ်နိူက်တယ်၊ ဈေးအများကြီး၀ယ်ထားတဲ့ ဆွဲခြင်းခဏခြထားရင် အရောင်တူပြီးအထဲမှာအိတ်ခွံတွေပဲပါတဲ့ဆွဲခြင်းနဲ့လဲယူတယ်၊ မိရင် မှားသွားတယ်ဆိုပြီးပြန်ပေးတယ်၊ အသားဟင်းထုတ်တွေ ပါရင်၀င်တိုက်ပြီးနိူက်သွားရော အုပ်စုဖွဲ့ပြီးလုပ်နေတာလို့ ပြောကြတယ်”လို့ ပုသိမ်မြို့က အမျိုသမီးတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
ပုသိမ်မြို့မှာ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေအင်အားအများအပြားနဲ့ ကင်းလှည့်နေပေမယ့် တော်လှန်ရေးအင်အားစုတွေကသာအဓိကထားပြီး ဖမ်းဆီးနေတာကြောင့် ခိုဆိုးလုနိူက်တွေနေ့စဥ်ဖြစ်ပွားနေတယ်လို့မြို့ခံတွေကပြောပါတယ်။
“အဓိကတော့ ဒီစစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကိုဖမ်းဆီးဖို့ပဲအားစိုက်တော့ဒီဘက်ကခိုးဆိုးလုနိူက်တွေကိုဖမ်းဖို့အားလျော့လာတာ၊ ပုသိမ်မှာက ၁၀ ရက်ခြားတစ်ခါ တစ်ပါတ်ခြားတစ်ခါလိုလိုခိုးဆိုးလုနိူက်တွေကဖြစ်နေတာဖြစ်တိုင်းလဲတရားခံမိတာမျိုးမရှိဘူး၊ ပြည်သူတွေကကိုယ့်လုံခြုံရေးကိုယ်ဂရုစိုက်နေရတယ်”လို့ပုသိမ်မြို့နယ်က CDM ရဲတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ပုသိမ်မြို့မှာစစ်ကောင်စီ တပ်ဖွဲ့နဲရဲများ ကိုယ်တိုင်က အရပ်သားများကို မတရားပုဒ်မတပ်ကာဖမ်းဆီး အကြပ်ကိုင် ငွေညှစ်တာတွေပြုလုပ်လာတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် လောင်းကစား ဝိုင်းနဲ့ နှစ်လုံး၊သုံးလိုင်းဒိုင်များကိုတရား၀င်ခွင်ပြုပေးတာတွေ မူးယစ်ဆေး ရောင်းချ သယ်ယူပေးတာတွေ လုပ်ဆောင်နေတာကြောင့် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေတာလို့ ပုသိမ်မြို့ကဥပဒေပညာရှင်အသိုင်းအ၀န်းကသုံးသပ်ထားပါတယ်။