ဧရာဝတီတိုင်းမ်
ဧပြီလ ၈ ရက်
ဧရာဝတီတိုင်း မြောင်းမြမြို့ ရွေးမြစ်အတွင်း ဧပြီလ ၇ ရက်နေ့ ညနေ ၆ နာရီခွဲခန့် အချိန်က သင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွာပြီး ၃ ဦး ဒဏ်ရာရရှိကာ သင်္ဘောတစ်စီးလုံး မြစ်အတွင်း နစ်မြုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောင်းမြမြို့ခံအမျိုသား တစ်ဦးက“မြောင်းမြ တံတားအဟောင်းဘက်နေ မီးလောင်ပြီး မျောလာတာ ဆီပေပါတွေကလည်း ပေါက်ကွဲနေတာ ကမ်းကိုကပ်ရင် အိမ်တွေအကုန်ကုန်မှာ၊ မြစ်ထဲက စက်လှေ၊ သင်္ဘောတွေ ကူညီပေးလို့ တော်သွားတာ၊ သဲစုပ်တဲ့ စက်လှေက သဲနဲ့ထည့်ပြီး ပက်ပေးလို့ ငြိမ်းသွားပြီး သင်္ဘောလည်း မြုပ်သွားတယ်”လို့ ဧရာဝတီတိုင်းမ်ကို ပြောပြပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့ သင်္ဘောဟာ မြောင်းမြမြို့ကနေ ကံဘဲ့ရွာကို ပြေးဆွဲနေတဲ့ တင်ဌေးဦး အမည်ရှိ သင်္ဘောဖြစ်ပြီး ကမ္ဘာကျော် ဂိုဒေါင်ဆိပ်ကမ်းကနေ ဓာတ်ဆီနဲ့ဒီဇယ် ပေပါများ တင်ဆောင်ကာ စက်နှိုးစဉ် မီးပွင့်ပြီး လောင်ကျွမ်းရင်း မြစ်အတွင်း မျောသွားတာလို့ သိရပါတယ်။
မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးကလည်း“သင်္ဘောရဲ့ စက်နားမှာ ဓာတ်ဆီပေပါရှိတယ်။ စက်ကို ဘက်ထရီနဲ့ချိတ်ပြီး နိူးလိုက်တော့ မီးပွင့်ပြီး ဓာတ်ဆီပေပါက မလုံတော့ ထပေါက်ကွဲပြီး စလောင်တာ၊ တစ်နာရီခွဲနီးပါး ကြာတယ်။ လောင်ချိန်က။ ရွှေလင်းယုန် ဆန်စက်နားမှာပဲ နစ်မြုပ်သွားတယ်”လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် သင်္ဘောပေါ်မှာ ခရီးသည် အဖြစ် လိုက်ပါလာတဲ့ ကျောက်ကမ္ဘာ ကျေးရွာမှာ နေထိုင်တဲ့ ဦးရင်သိန်းနဲ့ သူရဲ့ ဇနီးဖြစ်သူ ဒေါ်သန်းနွယ်၊ ရေယာဉ်မောင်း အသေးလေး (ခ) အောင်ကိုထူးတို့ မီးလောင်ဒဏ်ရာတေ ရရှိခဲ့တယ် လို့လည်း သူက ဆက်ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦး အနက် အမျိုးသမီးမှာ လက်နှစ်ဘက်၊ ယာခြေထောက် မျက်နှာပြင် တစ်ခုလုံး မီးလောင်ဒဏ်ရာ ပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့ အခြေနေရှိနေပြီး မြောင်းမြမြို့နယ် ခုတင် (၂၀၀) ဆေးရုံမှာ အတွင်းလူနာများ အဖြစ် ဆေးကုသနေရတယ် လို့လည်း သိရပါတယ်။
#မြောင်းမြ #သင်္ဘော #မီးလောင်မှု #နစ်မြုပ်
#Ayeyarwaddy_Times