ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဧပြီလ ၆ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာတွင် ဧပြီလ ၅ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်၌ ကျိုက်ထိုအခြေစိုက် စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခမရ-၂ တွင်တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ကြီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။
စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ-၂ တွင်တာဝန်ထမ်းဆောင်နေသည့် လက်နက်ကြီး တာဝန်ခံတပ်ကြပ်ကြီးကျော်ဆန်းအား ကွမ်းယာဆိုင်တွင် ကွမ်းဝယ်စားနေစဉ်သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း Kyaikhto Revolution Forceက ထုတ်ပြန်ထားသည်။
“အင်္ဂဘိုရွာ ဓာတ်ဆီဆိုင်ဘေးက ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတုန်း သေနတ်နဲ့ ၁၀ ချက်လောက် ပစ်ခတ်ခံရတာ။ ကျိုက်ထိုမှာ လက်နက်ကြီးတွေ ခဏခဏပစ်နေတာ သူ့မှာ တာဝန်ရှိတယ်။ ရှေ့ရက်တွေတုန်းက မဲရုံကြီး ကျောက်ပုံရွှေတွင်းနေရာကို သူပစ်တာ ဒေသခံ နှစ်ယောက်ပွဲချင်းပြီး သေတယ်။ မနေ့က သထုံဆေးရုံကိုပို့ထားတဲ့ တစ်ယောက်လည်း ထပ်သေသွားတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
အဆိုပါ တပ်ကြပ်ကြီးသည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်နေမှုကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ လက်ထိပ်၊ လက်ပစ်ဗုံး၊ ဆိုင်ကယ်၊ ဖုန်းတို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကျိုက်ထိုတွင် မတ်လ ၄ ရက်နေ့ကလည်း တပ်မ (၄၄) လက်အောက်ခံ ဒတရ-၆၀၂ တပ်ရင်းအား KRF၊ KNLAပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ၂၅ မိနစ်ဝန်းကျင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRF ၏ ထုတ်ပြန်ချက်အရ သိရသည်။
#မွန်ပြည်နယ် #ကျိုက်ထို #ခမရ၂ #တပ်ကြပ်ကြီး #ပစ်ခတ်ခံရ #KRF #Ayeyarwaddy_Times