ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဧပြီ ၆ ရက်
မတူပီမြို့နယ်၊ ထေဘွေးတပ်စခန်းသို့ လက်နက်ရိက္ခာတင်ပို့လာသော စစ်ကောင်စီတပ်က မတူပီ-ပလက်ဝလမ်းတစ်လျောက်ရှိ ဒေသခံများ၏ နေအိမ်အများအပြားကို မီးရှို့ ဖျက်ဆီးနေ၍ အဆိုပါလမ်းပိုင်းရှိ ဒေသခံပြည်သူ ထောင်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ချင်းဒေသကာကွယ်ရေးတပ်-မတူပီထံက သိရသည်။
အဆိုပါ မတူပီ-ပလက်ဝလမ်းတစ်လျောက်ရှိ ဒေသခံများ၏နေအိမ်များကို မတ်လ နောက်ဆုံးပတ်မှ စတင်၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရသည်။
“စစ်ကြောင်းအခြေအနေကြောင့် ပလက်ဝလမ်းမှာရှိတဲ့ ကျေးရွာတော်တော်များများက စစ်ဘေးရှောင်နေရတာ တစ်လကျော်လောက်ရှိပြီ။ စားရေး သောက်ရေးလည်း တော် တော်လေး ခက်ခဲမှုရှိတယ်။ အဓိကလိုအပ်တာ ကျန်းမာရေး စောင့်ရှောက်မှုပေါ့။ က လားကျေးရွာနဲ့ ဝလံသဲကျေးရွာတွေကို မီးရှို့ခံနေရတဲ့အချိန်မှာ နေအိမ်တွေကအစ အကုန်လုံး ပျက်စီးနေပြီဆိုတော့ စိတ်ပိုင်းဆိုင်ရာမှာပါ ခံစားနေရတယ်။ နေထိုင်ရေး အတွက်လည်း တော်တော်ခက်ခဲလာတယ်”ဟု ချင်းကာကွယ်ရေးတပ်-မတူပီ၊ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် မတူပီမြို့နယ်၊ ကလားကျေးရွာရှိ ပြည်သူနေအိမ် ၃၅ လုံးကို မတ်လ ၃၁ ရက်နေ့တွင် မီးရှို့ခဲ့ပြီး ဝလံသဲကျေးရွာရှိ ပြည်သူနေအိမ် ၁၅ လုံးကို ဧပြီ ၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကာ အဆိုပါလမ်းတစ်လျောက်ရှိနေအိမ်များကို ဆက်လက် မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများထံက သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က စစ်ကောင်စီတပ်သည် ယာဉ် သုံး စီးနှင့်အတူ မတူပီမြို့မှ ထေဘွေးတပ်စခန်းသို့ ရိက္ခာတင်ပို့လာသော စစ်ကောင်စီတပ်နှင့် ချင်းဒေသ ကာကွယ်ရေးတပ်-မတူပီတို့ အကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ကပြော ကြားသည်။
ထေဘွေးတပ်စခန်းသို့ ရိက္ခာတင်ပို့လာသော စစ်ကောင်စီတပ်များသည် လက်ရှိတွင် ဝလံသဲကျေးရွာသို့ ရောက်ရှိနေကြောင်းသိရပြီး ချင်းကာကွယ်ရေးတပ်-မတူပီက မိုင်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ယာဉ်တစ်စီး မီးလောင်ပျက်စီး ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်၏ ပြောကြားချက်အရသည်။
“လောလောဆယ်အချိန်ထိတော့ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ဟန့်တား ထားပါတယ်။ သူတို့(စစ်ကောင်စီတပ်)အတွက် ထေဘွေးစခန်းက ပလက်ဝနဲ့ မတူပီရဲ့ နယ်စပ် တပ်စခန်းဖြစ်တဲ့အတွက် အနောက်ခြမ်းကနေ အင်အားဖြည့်ထားတယ်။ သူတို့ရဲ့ အကြံအစည်ကို အကောင်အထည်မဖော်နိုင်ဖို့အတွက် ကျွန်တော်တို့ကတော့ အစွမ်းကုန် ဟန့်တားသွားမယ်။ ဘယ်ချိန်လောက်မှာ ထေဘွေးစခန်းကို ရောက်သွားမလဲဆိုတာတော့ သူတို့တပ်စခန်းကို ရောက်သွားနိုင်တဲ့အချိန်မှာ သိမှာပေါ့နော်”ဟု ချင်းကာကွယ်ရေး တပ်-မတူပီ၊ ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။
စစ်ကောင်စီ စစ်ကြောင်းကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသော ပြည်သူတချို့ ကျေးရွာထဲသို့ ခေတ္တပြန်လည်ရောက်ရှိလာစဉ် ကလားကျေးရွာနေ ဒေါ်ငိုင်လွန်သည် ၎င်း၏ နေအိမ်မီးရှို့ခံရမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ကာ သေဆုံး သွားကြောင်းသိရသည်။
#ချင်းပြည်နယ် #မတူပီမြို့နယ် #စစ်ကောင်စီတပ် #မီးရှို့ခံရ #တိုက်ပွဲပြင်းထန် #ပြည်သူထွက်ပြေးတိမ်းရှောင်နေရ #Ayeyarwaddy_Times