ဧရာဝတီတိုင်းမ်
ဧပြီလ ၅ ရက်
ရက္ခိုင့်တပ်တော်(AA)အနေဖြင့် တော်လှန်ရေးသက်တမ်း ၁၄ နှစ်တာ ကာလအတွင်း ရခိုင်ပြည်နယ် ဒေသအများစုကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ပြီဖြစ်ကာ လွတ်မြောက် နယ်မြေများကို ယခုထက်ပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၄ ရက် နေ့၊ ည ၇ နာရီက Online မှပြုလုပ်သည့် “ရက္ခိုင့်တပ်တော်(AA)၏ ဒုစစ်ဦးစီးချုပ် Dr. Nyo Twan Awng နှင့် လွတ်မြောက် နယ်မြေအကြောင်း အမေးအဖြေ” အစီအစဉ်တွင် ကရင်နီအမျိုးသား တော်လှန်ရေးတပ် (KNDF) နှင့် ဆွေးနွေးစဉ် ဒေါက်တာညိုထွန်းအောင်က ယခုကဲ့သို့ ထည့်သွင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
” ၁၄ နှစ်တာ ကာလတစ်ခုကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ လွတ်မြောက်နယ်မြေတွေကို အတိုင်းအတာတစ်ခုထိ ရရှိထားပြီးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မလွတ်မြောက် သေးတဲ့ နယ်မြေတချို့လည်း ကျန်ပါသေးတယ်။ အဲဒီနေရာတွေကိုလည်း ဆက်လက် လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ရဲ့ ရက္ခိတလမ်းစဉ်နဲ့အတူ ဆက်လက်ကြိုးစား ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်ရှိ လွတ်မြောက်နယ်မြေအတွင်း နေထိုင်နေကြသည့် ရခိုင် တိုင်းရင်းသားများမှာ လက်ရှိတွင်လွတ်မြောက်နယ်မြေ၏ အရသာကို ခံစားနေကြရပြီဟု AA ဒုစစ်ဦးစီးချုပ် က ဆိုထားသည်။
“ရခိုင်တော်လှန်ရေး ခေါင်းဆောင်ကြီးတွေအနေနဲ့ ရခိုင်ဒေသလွတ်မြောက်ရေးအတွက် အဆက်ဆက်ကြိုးပမ်းခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့တာ ရှိတယ်။ အခုကျွန်တော်တို့ ULA/ AA ရဲ့တော်လှန်ရေးခရီး ၁၄ နှစ်ကာလအတွင်းမှာတော့ လွတ်မြောက်နယ်မြေတွေကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ခဲ့ပါပြီ” ဟု ၎င်းက ပြောသည်။
၂၀၂၀ ခုနှစ်မှစ၍ အပစ်အခတ်ရပ်စဲထားသည့် ရခိုင်စစ်ပွဲသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ သြဂုတ်တွင် တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လူသားချင်းစာနာမှုဆိုင်ရာ နားလည်မှုသဘောဖြင့် စစ်ကောင်စီတပ်နှင့်AA တို့ကြား ဒုတိယအကြိမ် ထပ်မံအပစ်အခတ်ရပ်စဲခဲ့ကြသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော်၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) အနေဖြင့် မြို့ပေါ် နေရာများမှလွဲ၍ ၎င်းတို့ထိန်းချုပ် ထားသည့်နယ်မြေများတွင် အုပ်ချုပ်ရေး၊ တရား စီရင်ရေးနှင့် အခွန်ကောက်ခံရေးလုပ်ငန်းများအပြင် ကျန်းမာရေး၊ ပညာရေးနှင့် လမ်း၊ တံတား ဆောက်လုပ်ခြင်းစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ တိုးချဲ့ လုပ်ဆောင် လာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ULA/AA ကိုပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ကချင် လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် စတင်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ယခုလာမည့် ဧပြီလ ၁၀ ရက်နေ့တွင် ရက္ခိုင့်တပ်တော် ထူထောင်ခြင်း ၁၄ နှစ်ပြည့်မည် ဖြစ်သည်။
#ရခိုင်ပြည်နယ် #လွတ်မြောက်နယ်မြေ #AA #ဒုစစ်ဦးစီးချုပ် #Ayeyarwaddy_Times