ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဧပြီလ ၅ ရက်

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ယမန်နေ့ ဧပြီလ ၄ ရက် ည ၉ နာရီ ဝန်းကျင်တွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ည ၉ နာရီ ၂၅ မိနစ်တွင်တစ်ကြိမ်၊ ၉ နာရီ ၄၀ မိနစ်တွင်တစ်ကြိမ် ဒရုန်းဖြင့် ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့ပြီး ဓာတ်အားပေးစက်ရုံမှ ၃ ဦးဒဏ်ရာရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“ဒီဘက်မှာက မီတာခအတင်းအကြပ်ကောက်ခံတာရှိတယ်။ အခုဆိုမီးတွေပါဖြတ်လာတယ်။ အဲ့တာကြောင့်တိုက်ခိုက်ခဲ့တာ။ ဒရုန်းနဲ့က ဗုံးသီး ၂ လုံးနဲ့ပဲတိုက်ခိုက်ခဲ့တာပါ” ဟု ဝောာ်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သာယာကုန်းပင်မဓာတ်အားခွဲရုံအား PDF များမှ ဒရုန်းဖြင့် ဗုံး ၁၀ လုံးချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ပစ္စည်းများချို့ယွင်းပြီး တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားပြတ်ဝောာက်ခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

“မီးတွေပျက်နေတာက စစ်ကောင်စီကအာဏာသိမ်းပြီးထဲကိုကပျက်နေတာကို၊ ဓာတ်အားတွေကိုခိုးရောင်းစားပြီး တစ်နိုင်ငံလုံးမီးပျက်နေတာ၊ ကျောက်တံခါးမှာ ဒရုန်းနဲ့တိုက်ခံရလို့ မီးပျက်တာက မဖြစ်နိုင်တာကြီး၊ ဘယ်လိုပဲထိထိ တာဝါတိုင်ကြီးလဲကျတာလည်းမဟုတ်ဘူး၊ ကြီးကြီးမားမားထိတာလည်းမဟုတ်ပဲ ပြည်သူနဲ့PDFကိုရန်တိုက်ပေးနေတာဖြစ်နိုင်တယ်။” ဟု ပဲခူးဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓာတ်အာခွဲစက်ရုံတိုက်ခိုက်ခံရပြီးနောက် ကျောက်ကြီးမြို့နယ်၊ ဆိပ်ကြီးဘက်မှ အင်နက်ဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

လျှပ်စစ်အင်ဂျင်နီယာတစ်ဦးမှ”ဓာတ်အားခွဲရုံက ပစ္စည်းတခုခုပျက်ရုံနဲ့‌တော့ တစ်နိုင်ငံလုံးမီးပျက်တယ်ဆိုတာကတော့ ဖြစ်နိုင်ဖို့နည်းပါတယ်။ ဓာတ်အားခွဲရုံအစိတ်အပိုင်းတခုခုပျက်လို့ပြင်ဆင်နေရင် သူနဲ့သက်ဆိုင်တယ့် ကွန်ရက်တချို့ကိုပဲမီးဖျက်ပီးတော့ ကျန်ဓာတ်အားကွန်ရက်တွေကိုတော့မီး‌‌ ပေးနိုင်ပါတယ်။ တစ်နိုင်ငံလုံးကိုမီးပေးဖို့ ဓာတ်အားမလုံလောက်တာကြောင့် ဖြတ်ထားတာပိုဖြစ်နိုင်တယ်။” ဟု ဆိုသည်။

#သာယာကုန်း #ဓာတ်အားခွဲစက်ရုံ #ဒရုန်း #မီးပျက် #Ayeyarwaddy_Times