ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ မတ်လ ၃၀ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ချောင်းနှစ်ပေါက်ကျေးရွာ မြစ်ကူးတံတားအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၂၈ ရက်မှစတင်ကာ ၂ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တနင်္သာရီမြို့နယ်မဟာမိတ်တပ်ပေါင်းစုထံမှ သိရသည်။

မြိတ်-မောတောင်ကားလမ်းမပေါ်ရှိ ချောင်းနှစ်ပေါက်ရွာ မြစ်ကူးတံတားအနီးတွင် ခလရ ၄၃၁၊ ၁၀၁၊ ၁၇၊ ၅၅၈ တပ်ရင်းတို့မှ အင်အား ၉၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာရာ ၂ ရက်ဆက်တိုက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား ၁၂ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ဝန်းကျင်ဒဏ်ရာရခဲ့ဟု ဆိုသည်။

“မတ်လ၂၈ ရက်နေ့မှာ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တယ်။၂၉ ရက်‌နေ့မှာ အလောင်းပြန်လာကောက်ရင်း ထပ်ဖြစ်တာပါ။ ပထမနေ့တော့ ၄ ယောက်လောက်သေတယ်။ နောက်နေ့မှာတော့ သေတာပိုများတယ်။ ကျွန်တော်တို့ဘက်က ကျည်ဆံမလုံလောက်လို့ပြန်ဆုတ်ခဲ့ရတယ်။ အခုထိစစ်ကြောင်းက ရှိနေသေးတယ်” ဟု တနင်္သာရီမဟာမိတ်တပ်ပေါင်းစုတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

နှစ်ရက်အတွင်း ၁၀ နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ခြေသလုံးလက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

တိုက်ပွဲအတွင်း ရေဖြူကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ၆၀မမ၊ ၈၁မမလက်နက်ကြီးပစ်ကူအများအပြားဖြင့်ပစ်ခတ်ခဲ့ပြီး အချက်ရေ ၇၀ ကျော်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

“ရွာထဲကအိမ်တွေကိုလည်း မီးရှို့သွားပါတယ်။ ပြီးတော့ ခရီးသွားလာနေတဲ့ကားတွေကို စစ်ကောင်စီက ပစ်ခတ်ခဲ့လို့ အခုထိ ကားတစ်စီး လမ်းမပေါ်မှာရှိသေးဗျ။ အခုထိ သွားယူလို့မရဲကြသေးဘူး ပြည်သူတွေ။ တစ်စီးကတော့ အပစ်ခံရပြီးပြန်လှည့်ပြေးသွားတယ်။” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ S.W.D.F တပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း၂၊ မာရိတ်ပြောက်ကျားအဖွဲ့.၊KTLA-tcjf-Tanintharyi တပ်ဖွဲ့ တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

#တနင်္သာရီမြို့နယ် #စစ်ကြောင်းထိုး #တိုက်ပွဲ #PDF #Ayeyarwaddy_Times