နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကိုင်းမှ မုံရွာဘက်သို့ ထွက်လာပြီး သေနတ်ဖြင့် လမ်းတစ်လျှောက် ရမ်းသမ်းပစ်ခတ်လာသည့် စစ်ကိုင်းတပ်မ ၃၃ မှ စစ်ကားတစ်စီးကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ပဒေသာမိုင်းဖြင့် ၆ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၂၉ ရက်၊ ည ၉ နာရီ ၄၀ မိနစ်ခန့်က စစ်ကိုင်းမှ မုံရွာဘက်သို့ ထွက်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီစစ်ကားကို မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် ပဒေသာမိုင်းဖြင့် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s Army To Fight Dictatorship (PAFD)ထံမှ သိရသည်။

“သူတို့ဘက်က ပစ်တာကတော့ တော်တော်ပစ်တယ်။ သူတို့ နောက်ပိုင်းကား ဆက်မသွားနိုင်တော့ဘဲ စစ်သားတွေ သေကုန်ပြီ ဘာညာနဲ့ အဲလိုအသံ ကြားတာရယ်၊ သူတို့ စစ်သား ဘယ်နှစ်ဦး သေသလဲဆိုတာလည်း စစ်သား အပြော ကျွန်တော်တို့ကြားလို့၊ နောက်ပြီး ပတ်ဝန်းကျင်က ပြောတာရယ်ကြောင့် ကျွန်တော်တို့ အတိအကျသိတာ” ဟု PAFD အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောသည်။

မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကားသည် ရပ်တန့်သွားပြီး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားကို ထိထိမိမိမှန်သွားခဲ့ကြောင်း၊ ထို့နောက် ရှေ့ဆက်မောင်းနှင်လာစဉ် ဝမ်းပြည့်နှင့် အလ္လကပ္ပကျေးရွာအကြားအရောက် ည ၉ နာရီ ၄၆ မိနစ်ခန့်တွင် ပဒေသာမိုင်းဖြင့် လေးကြိမ်ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပဒေသာမိုင်းဖြင့် ခြောက်ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ထိုစစ်ကားပေါ် လိုက်ပါလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရှိရသော်လည်း ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

အဆိုပါစစ်ကားသည် မိုင်းထိမှန်ထားသဖြင့် ရှေ့ဆက်မသွားနိုင်တော့ဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ခြံဝန်းထဲသို့ ဆဲဆို၍ ကားတွန်းဝင်သွားကြောင်း မြေပြင်သတင်းအရ သိရှိရပြီး တော်လှန်ရေး ရဲဘော်များဘက်မှ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

မိုင်း ၆ ကြိမ်ဆွဲတိုက်ခိုက်သည့် စစ်ဆင်ရေးကို People’s Army To Fight Dictatorship (PAFD) တပ်ခွဲ၊ DK PDF-MMU၊ People’s Knight Defense Force Myinmu(PKDF MMU) နှင့် (D.B.B.F-MMU) စသည့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြင်းမူ #ပဒေသာမိုင်း #စစ်ကောင်စီတပ်ကား #သေဆုံးမှုများပြား #Ayeyarwaddy_Times