ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

စစ်တပ်မြို့ဖြစ်သော ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် မူးယစ်ဆေးပြား WY များကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချ၊ သုံးစွဲနေကြပြီး ရောင်းချသူများတွင် လူငယ်များကိုယ်တိုင်ပါဝင်နေကြောင်း၊ ထိုလူငယ်များ၏ နောက်ကွယ်တွင် ရဲများကိုယ်တိုင် ပါဝင်ပက်သက်နေကြောင်း မှော်ဘီမြို့နယ်၊ ဒေသခံများထံက သိရသည်။

သုံးစွဲသူများတွင်လည်း အထက်တန်းအဆင့် ကျောင်းသားများသာမက အလယ်တန်းအဆင့် ကျောင်းသားများပါ သုံးစွဲနေကြပြီး ဆေးပြားတပြားလျှင် ကျပ် ၅ဝဝ ဝန်းကျင်အထိသာရှိနေကြောင်း စစ်မှု့ထမ်းဟောင်းဖြစ်သည့် မှော်ဘီဒေသခံတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

‘‘ပေါတာမှ တအားကိုပေါတာ။ ရောင်းတဲ့နေရာတွေလည်းပေါတယ်။ သုံးတဲ့သူတွေလည်း ပေါတယ်။ ကလေးတွေပါ သုံးနေကြတာ။ ဘယ်သူမှမဖမ်းဘူး။ ဘယ်ဖမ်းမလဲ။ တချို့ရောင်းတဲ့နေရာတွေက ရဲတွေကို လိုင်းကြေးပေးထားတယ်။ တချို့ရောင်းနေတဲ့ ကလေးတွေကြရင် ရဲတွေကိုယ်တိုင်က ရောင်းခိုင်းထားတာပဲ။ ကလေးတွေ ဒီတော်လှန်ရေးထဲ မပါရင်ပြီးရောဆိုပြီး မူးယစ်ဆေးဘက်ကို တဖက်လှည့်နဲ့ လုပ်နေတာ’’ ဟု ၎င်းက ဆိုသည်။

အထူးသဖြင့် မှော်ဘီမြို့နယ်၊ တိုးချဲ့ ၂ ရပ်ကွက်တွင် အဆိုးဆုံးဖြစ်ပြီး ရောင်းချသည့်နေရာအများအပြားရှိပြီး တချို့နေရာများတွင် သုံးစွဲနိုင်ရန် သီးသန့်အခန်း စီစဉ်ထားကြောင်း သိရသည်။

မူးယစ်ဆေးပြား WY များကို ဖမ်းဆီးမိကြောင်း၊ မိသောမူးယစ်ဆေးများကို မီးရှို့ဖျက်ဆီးကြောင်း အာဏာာသိမ်း စစ်ကောင်စီက မကြာခဏ သတင်းထုတ်ပြန်နေသော်လည်း စစ်တပ်မြို့ဖြစ်သည့် မှော်ဘီတွင် ကင်းလွတ်ခွင့်ရသည့် နယ်မြေတခုလို ဖြစ်နေကြောင်း မှော်ဘီမြို့ရှိ ဆိုင်ကယ် ကယ်ရီသမားတဦးက ပြောသည်။

ဈေးကလည်း ပေါပေါရသဖြင့် ကျောင်းသားကျောင်းသူများသည် ၎င်းတို့ရသည့် မုန့်ဖိုးများကို ဆေးပြားသုံးစွဲရာတွင် အသုံးပြုနေပြီး ထိုသုံးစွဲသူများထဲတွင် စစ်တပ်ထဲရှိ စစ်သားမိသားစုများ၏ သားသမီးများကိုယ်တိုင် ပါဝင်နေကြောင်း ၎င်းက ဆက်ပြောသည်။

‘‘ခလုတ်တိုက်လိုက်ရင်ကို ဆေးပြားရောင်းတဲ့နေရာလို့ပဲ ပြောရတော့မယ်။ တိုးချဲ့ ၂ ရပ်ကွက်ထဲမှာ။ ကိုယ်တိုင်လည်း သုံးတယ်၊ ပြီးရင် ဆေးဖိုးပြန်ရအောင် ရောင်းလည်း ရောင်းတယ်ဆိုတဲ့ ကလေးတွေ တပုံကြီ။ တခြားရပ်ကွက်တွေမှာလဲ ရှိပါတယ်။ အဓိက ပြောချင်တာက သူတို့(စစ်သား) သားသမီးတွေ သုံးနေကြတာကို သူတို့လဲ သိကြမှာပဲ။ ဒါပေမယ့် ကလေးတွေ နိုင်ငံရေးစိတ်မဝင်စားရင်ပြီးရောဆိုပြီး သူတို့တွေကိုယ်တိုင်က လွှတ်ထားပေးတာ။ ကျနော့်အသိ စစ်သားမိန်းမတဦးကို သတိပေးဖူးတယ်။ သူတို့က အေးဆေးပဲ။ ဆေးကဖြတ်ချင်တဲ့အခါ မူးယစ်ဆေးဖြတ်တဲ့နေရာမှာ သွားဖြတ်လို့ရတယ်တဲ့။ နိုင်ငံရေးသာ စွဲသွားရင် ဖြတ်မရတဲ့အပြင် ကျမတို့တမိသားစုလုံးပါ ဒုက္ခရောက်မှာတဲ့’’ ဟု သူက ဆိုသည်။