ဧရာ၀တီတိုင်းမ်သတင်းအဖွဲ့
မတ်လ ၂၇ ရက်

ဒီကနေ့ မတ်လ ၂၇ ရက်နေ့သည် အာဏာရှင် စစ်ခေါင်းဆောင်များက သမိုင်းကြောင်း ဖျောက်ကာ တပ်မတော်နေ့ ဟုသက်မှတ်ခဲ့သည့် ၇၈ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့ ဖြစ်သည်။

ကနဦးဖွဲ့တည်လာသည့် သမိုင်းကြောင်းအရ ဖက်ဆစ်ကို တော်လှန်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါဝင်ခဲ့ကြသည့် တော်လှန်ရေးသမားများကို ဂုဏ်ပြုသောအားဖြင့် ဖက်ဆစ်ကိုတော်လှန်ရန် အတိအလင်း သက်မှတ်ခဲ့သည့် ၁၉၄၅ ခုနှစ် ၊ မတ်လ ၂၇ ရက်နေ့ကို ရည်ရွယ်ပြီး တော်လှန်ရေးနေ့ကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ အာဏာရှင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းက တော်လှန်ရေးနေ့ ကို ၁၉၅၅ ခုနှစ်တွင် တပ်မတော်နေ့အဖြစ် နာမည်ပြောင်းလဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မဲစာရင်းကိုအကြောင်းပြကာ ပြည်သူရွေးချယ် တင်မြှောက်ထားသည့် အရပ်သား အစိုးရကို ဖမ်းဆီးဖြုတ်ချကာ တိုင်းပြည်ကို အာဏာသိမ်းခဲ့သည်။

အာဏာသိမ်းစစ်အုပ်စု လက်အောက်ရှိ စစ်ကောင်စီတပ်သည် တိုင်းပြည်ကို အာဏာ သိမ်းပြီးချိန်မှစတင်၍ ပြည်သူများအား အကြမ်းဖက် ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်း၊ ညှဉ်ပန်းနှိပ်စက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ပြည်သူလူထု၏ပစ္စည်းများကို လုယက်ဖျက်ဆီးခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း စသည့် အကြမ်းဖက်မှုပေါင်းများစွာ ကျူးလွန်ခဲ့သည်။

ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့တွင် အာဏာသိမ်း စစ်အုပ်စု လက်အောက်ခံ မြန်မာ့တပ်မတော်က ၎င်းတို့အာဏာသိမ်းထားသည့် ၂ နှစ်တာ အချိန်ကာလအတွင်း ကျူးလွန်ခဲ့သော လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဧရာ၀တီတိုင်းမ်သတင်းအဖွဲ့မှ စုစည်းတင်ဆက်ခြင်း ဖြစ်ပါသည်။

၁။စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောကျေးရွာတွင် ဒေသခံပြည်သူ ၁၁ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု
(၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောကျေးရွာကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်၊ နံနက်ပိုင်းက အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့သည်။ ထို့သို့ ဝင်ရောက်စီးနင်းစဉ် ကွမ်းခြံတစ်ခုတွင် တိမ်းရှောင် ပုန်းခိုနေသည့် ဒေသခံ အပြစ်မဲ့ပြည်သူ ၁၁ ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ကြိုးတုပ်၍ အစုလိုက်အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဒုံးတောကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်အစပ် ဆားလင်းကြီးမြို့ နယ်နိမိတ်ထဲတွင် ပါဝင်ကာ ကျေးရွာပတ်လည်တွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေသော ကြေးစင်တောင်ကြေးနီထုတ်လုပ်ရေး စီမံကိန်းရှိသည်။

အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသည့် အပြစ်မဲ့ပြည်သူ ၁၁ ဦးထဲတွင် အသက် ၄၀ အရွယ် လေဖြန်းနေသည့် ဝေဒနာသည် အမျိုးသားတစ်ဦး၊ အသက်မပြည့်သေးသည့် လူငယ်အမျိုးသား ငါး ဦး၊ ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုထက်ကို အပါအဝင် အသက် ၁၉ နှစ်မှ အသက် ၂၀ အရွယ်ကြားရှိ အမျိုးသားလေးဦးနှင့် ၃၀ အရွယ် အမျိုးသားတစ်ဦးတို့ ပါဝင်ခဲ့သည်။ မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်းများအနက် အသက် ၁၇ နှစ်အရွယ် ကိုသန်းမြင့်အောင် တစ်ဦးတည်းကိုသာ ၎င်းဝတ်ဆင်လေ့ရှိသည့် နားကပ်ကြောင့် ခွဲခြားနိုင်ခဲ့ကြောင်း ဒေသခံများက ဆိုထားသည်။

၂။ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် လူ ၃၈ ဦးထက်မနည်း အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု
(၂၀၂၁ခုနှစ်ဒီဇင်ဘာ၂၄ရက်)

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆို ကျေးရွာအနီးတွင်၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်၍ ထွက်ပြေးလာသည့် ဒေသခံပြည်သူ ၃၈ ဦး ထက်မနည်းကို စစ်ကောင်စီတပ်က အရှင်လတ်လတ် ဓာတ်ဆီလောင်း၍ မီးရှို့သတ်ဖြတ်ခဲ့သည်။

“အဲ့ဒီတုန်းက ဖြစ်စဥ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ မိုဆိုရွာက ပြည်သူ ၃၀ ကျော်ကို စစ်တပ်က အရင်ဖမ်းတယ်။ ပြည်သူတွေပြန်လွှတ်ပေးဖို့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလက) အဖွဲ့က ရဲဘော် လေး ယောက်က သွားညှိတယ်။ သူတို့ လေး ယောက်စလုံး အသတ်ခံ လိုက်ရတယ်။ ပြီးတော့မှ ပြည်သူတွေကို ကားပေါ်တင်ပြီး မီးရှို့သတ်ဖြတ်ခဲ့တာ” ဟု ဖရူဆိုမြို့နယ်မှ အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလက) အဖွဲ့ သည် ကရင်နီ (ကယား) ပြည်နယ် အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး ယူထားသည့်အဖွဲ့ ဖြစ်သည်။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် နအဖ စစ်ကောင်စီနှင့်ညှိနှိုင်း၍ ကရင်နီ (ကယား) ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင် ပြောင်းရပ်တည်နေသည့်အဖွဲ့ဖြစ်ပြီး ၎င်းတို့၏ ရဲဘော် လေးဦး အကြောင်းမဲ့ အသတ်ခံရပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ် ချမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဖြစ်စဥ်တွင် ရုပ်အလောင်း ၃၅ လောင်းသာတွေ့ရှိပြီး ကျန်အချို့မှာ ယနေ့အချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်၍ ဒေသခံပြည်သူ ၄၀ ထက်မနည်း မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရသည် ဟု KNDF ဥက္ကဌ ခွန်းဘီထူးက ဧရာ၀တီတိုင်းမ် သတင်းဌာနကို ဖြေကြားသည်။

ဓာတ်ဆီလောင်းမီးရှို့ခံရသည့် ဖြစ်စဥ်အတွင်း ပျောက်ဆုံးနေသူများအနက် Save the Children ဝန်ထမ်း နှစ် ဦး ပါဝင်နေကြောင်း Save the Children ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

“နိုင်ငံတကာဘက်ကတော့ တရားစွဲအရေးယူနိုင်ဖို့ကို ပျက်ကွက်နေတာဖြစ်တယ်။ ခိုင်လုံတဲ့ အထောက်အထားတွေလည်း အများအပြားတင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ စစ်ကိုင်းမှာရော မိုဆိုမှာဆိုရင်လည်း အလောင်းတွေရဲ့ ဆေးစစ်ချက်တွေရော ရဲထွက် ဆိုချက်တွေရော ကျွန်တော်တို့ တင်ပြခဲ့ပြီးပါပြီ။ ဒါပေမယ့် နိုင်ငံတကာ ဘက်က တကယ်ပဲ တာဝန်ယူမှု တာဝန်ခံမှုနဲ့ တကယ်ပဲ တရားဥပဒေစိုးမိုရေးကို အကောင် အထည်ဖော်လိုစိတ်ရောရှိရဲ့လားဆိုတဲ့ မေးခွန်းမျိုးတွေ ရှိနေပါတယ်။ နိုင်ငံတကာ ဥပဒေတွေ ပြဌာန်းပြီး နိုင်ငံတကာရေးရာကိစ္စတွေမှာ မားမားမတ်မတ် ရပ်တဲ့သူတွေ ဆိုရင်တော့ ကိုယ့်ရဲ့တာဝန်ဝတ္တရားကို လုပ်ဆောင်ကြပါ။ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကို အရေးယူဖို့အတွက်ကို ပြတ်ပြတ်သားသားလုပ်ပြပါလို့ပဲ ပြောချင်ပါတယ်”ဟု KNDF ဥက္ကဌ ခွန်းဘီထူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၃။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းမှ ရဟတ်ယာဉ်ဖြင့်ပစ်ခတ်၍ ကလေးငယ် ၆ ဦးအပါအဝင် ၁၂ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
(၂၀၂၂ခုနှစ်စက်တင်ဘာ၆ရက်)

ကမ္ဘာပေါ်တွင် တစ်မိနစ်လျှင် ကလေး ၂၁ ဦးသေဆုံးနေသည်ဟု UNICEF မှထုတ်ပြန်ထားပြီး လက်ယက်ကုန်းကျေးရွာဖြစ်စဉ်တွင် သေဆုံးခဲ့ရသည့် ကလေးငယ် အရေအတွက်သည် ကမ္ဘာပေါ်တွင်တစ်မိနစ်တိုင်း သေဆုံးနေသည့် ကလေးငယ် အရေအတွက်၏ လေးပုံတစ်ပုံကျော် ပါဝင်ခဲ့သည်။

စစ်ကောင်စီတပ်မှ ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၌ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းဝင်းအတွင်းသို့ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုမှာလည်း တစ်ခုအပါ အဝင်ဖြစ်သည်။ PDFများရှိသည်ဟုဆိုကာ ကျောင်းသားဦးရေ ၂၀၀ ကျော် စာသင်ကြား နေသည့် လက်ယက်ကုန်းရွာဘုန်းကြီးကျောင်းဝင်း အတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စာသင်ကြားနေသည့် ကလေးငယ် ၆ ဦးအပါအဝင် စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့သည်ဟု ဒေသတွင်းကူညီထောင့်ပံ့ရေး ပြုလုပ် နေသူများ ထံက သိရသည်။

အနောက်‌မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ)မှ ရဟတ်ယာဉ်‌ လေး စီးသည် စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်တွင် လက်ယက်ကုန်းရွာစာသင်ကျောင်းအတွင်းသို့ တစ်နာရီနီးပါးပစ်ခတ်ခဲ့ပြီး မြေပြင်တွင်‌လည်း အင်အား ၈၀ ဝန်းကျင်ပါ စစ်ကောင်စီ တပ်သားများမှ ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်၏ တစ်ဖက်သက်တိုက်ခိုက်ခံရမှုအပြီးတွင် အသက် ၆ နှစ်မှ ၁၄ နှစ်ကြားရှိကလေးငယ် ၆ ဦးသေဆုံးခဲ့ကာ ဒေသခံ ၆ ဦးသေဆုံးရပြီး အယောက် ၂၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့သည်။

” အပြစ်မဲ့ ကလေးငယ်တွေ ပစ်ခတ်ခံရတယ်လို့ သိသိခြင်း ပထမဆုံး မယုံနိုင်အောင် ဖြစ်မိတယ်။ ဒေါသတွေဖြစ်လွန်းလို့ အသား တွေပါ တုန်ခဲ့ရတယ်။ အဲ့ဒီတုန်းက ကုလသမဂ္ဂ မဟာမင်းကြီးရုံးက စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ ကုလသမဂ္ဂ အနေနဲ့ ရှုတ်ချယုံနဲ့ ပြီးနေမလား။ ထိရောက်တဲ့ အရေးဆောင်ရွက်မှုတွေ မလုပ်နိုင်တော့ဘူး လားဆိုပြီးမေးခဲ့သလို ထိရောက်စွာ အရေးယူပေးကြဖို့ တောင်းဆိုခဲ့ ဖူးပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဒီလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ စစ်တပ်က ပြည်သူတွေအ‌ေပါ်ကျူးလွန်တာတွေကို နိုင်ငံတကာသိအောင် ကမ္ဘာသိအောင် လုပ်ဆောင်နေကြောင်း ပြောပြသွားတာကလွဲလို့ တခြားထူးခြားမှုမတွေ့ခဲ့ရဘူး” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မတ်လ ၁ ရက်နေ့အထိ ကောက်ယူရရှိသည့် စာရင်းများအရ အကြမ်းဖက်မှုများကြောင့် သေဆုံးခဲ့ရသည့်ကလေးငယ် အရေ အတွက်မှာ ၃၁၃ ဦးအထိရှိခဲ့ပြီး စုစုပေါင်း သေဆုံးမှု၏ ၈ဒသမ၉၀ ရာခိုင်နှုန်းအထိရှိကာ စစ်ကိုင်းတိုင်းတွင် သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး ကလေးငယ် ၁၁၂ ဦးအထိ သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

၄။ကချင်ပြည်နယ် ဖားကန့်မြို့ရှိ အနန့်ပါဒေသ၊ ကံဆီးကျေးရွာတွင် လေကြောင်းမှဗုံး ကြဲကာ လူ ၈၀ ခန့်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
(၂၀၂၂ခုနှစ်အောက်တိုဘာလ ၂၃ရက်)

စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါဒေသ ကံဆီးကျေးရွာတွင် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၏ (၆၂)နှစ်ပြည့်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်။ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကချင်အနုပညာရှင်များ အပါအဝင် လူ ၈၀ ဦးခန့် အသက်ဆုံးရှုံးခဲ့ရပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖားကန့်မြို့နယ်၊ အနန့်ပါ (A Nang Pa) ဒေသသည် KIA ၏ တပ်စခန်းမဟုတ်ဘဲ ခရီးသွားများ ခေတ္တခဏ အနားယူသည့် ဈေးဆိုင်တန်းစခန်းငယ် နေရာဖြစ်သည်။ စစ်ကောင်စီတပ်က ထိုသို့ သိရှိထားသော်လည်း (၆၂) နှစ်ပြည့် KIO နှစ်ပတ်လည်နေ့အကြို အစီအစဉ်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်၍ ကျင်းပပြုလုပ်နေစဉ် လူအစုလိုက် အပြုံလိုက် သေကြေရန် ရည်ရွယ်ချက်ရှိရှိ စစ်လေယာဉ် သုံး စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIO က ထုတ်ပြန်ခဲ့သည်။

KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က “ဘဝမှာ ပြုပြင်လို့ မရနိုင်မယ့် အမှားတွေမလုပ်မိဖို့ ပြောလေ့ရှိပေမယ့် ဒီလိုအမှားတွေကို လုပ်သူတွေက လူကြီးတွေပဲ ဖြစ်နေပါတယ်” ဟု စစ်ကောင်စီတပ်၏ လေကြောင်းမှဗုံးကြဲ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ်တာဝန်ရှိသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံရည်ရွယ်၍ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

၅။စစ်ကိုင်းတိုင်း တာတိုင်ရွာတွင် လူ ၁၇ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
(၂၀၂၃ ခုနှစ် မတ်လ ၂ရက်)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာတွင် တပ်စွဲထားသည် စစ်ကောင်စီ၏ လက်အောက်ခံ အမှတ်(၉၉) ခြေမြန်တပ်သည် ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် တာတိုင်ကျေးရွာသို့ ဝင်ရောက်ခဲ့သည်။ သံဃာ သုံးပါးအဝင် ဒေသခံများ ၈၀ နီးပါးကို ကျေးရွာ ဘုန်းကြီးကျောင်းတွင် ပိတ်လှောင်ဖမ်းဆီးခဲ့သည်။ ထို့နေ့က တာတိုင်ကျေးရွာ၏ အခြေအနေကို သိရှိနိုင်ရန် ကင်းထောက်လာသည့် တာတိုင်ကျေးရွာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ) ခေါင်းဆောင် ရဲဘော် မိုက်ကယ် (ခ) ကိုကျော်ဇောကို ဖမ်းဆီးခဲ့သည်။

“စစ်ကောင်စီရဲ့ တပ်မ (၉၉) က ဖမ်းမိခဲ့တဲ့ ကိုကျော်ဇောရဲ့ ဦးခေါင်းနဲ့ ခြေလက်တွေကို ဖြတ်တောက်ခဲ့ပြီး ဗိုက်ကိုဖောက်ပါတယ်။ ဗိုက်ထဲက ကိုယ်တွင်းကလီစာတွေကို ခန္ဓာကိုယ်ပေါ်တင်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ပြခဲ့တယ်။ ငါတို့ (စစ်ကောင်စီတပ်)က မီးရှို့တဲ့အဖွဲ့မဟုတ်ဘူး။ ငါတို့ (စစ်ကောင်စီတပ်)အဖွဲ့က လူသတ်တဲ့ ဘီလူးအဖွဲ့လို့ ပြောပြီး လူထုရဲ့စိတ်ကို လူတွေရဲ့ စိတ်ထဲကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး လုပ်သွားတယ်” ဟု စစ်ကိုင်းပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သူ(နာယက)က ဧရာ၀တီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီရဲ့ အမှတ်(၉၉) ခြေမြန်တပ်မသည် မတ်လ ၂ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် တာတိုင်ဒေသခံများ အပါအဝင် အပြစ်မဲ့ပြည်သူ ၁၆ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်၍ မူးမြစ်အနောက်ဘက်ရှိ မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာဘက်သို့ ထပ်မံထွက်ခွာခဲ့သည်။ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသူများတွင် အသက် မပြည့်သေးသည့် (၁၇)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ညီအစ်မအရင်း အပါအဝင် အမျိုးသမီးသုံးဦးပါဝင်ပြီး ညှင်းပန်းနှိပ်စက်ကာ မုဒိမ်းပြုကျင့်၍ သတ်ဖြတ်ခဲ့သည်။

စစ်ကောင်စီတပ်များ ထွက်ခွာသွားပြီး မတ်လ၂ရက်နေ့ နေ့လယ်ပိုင်းတွင် ညောင်ရင်းနဲ့ တာတိုင်ကြားရှိ သရက်ခြံတွင် အမျိုးသားအလောင်း ငါးလောင်းကို စတင်တွေ့ရှိခဲ့သည်။ ထို့နေ ညနေပိုင်း ညောင်ရင်းရွာနား မရောက်ခင်တွင် အမျိုးသမီးအလောင်း သုံးလောင်းနှင့် အမျိုးသားအလောင်း ခြောက်လောင်းတို့ကို ထပ်မံတွေ့ရှိခဲ့သည်။ မုဒိမ်းကျင့် သတ်ဖြတ် ခံခဲ့ရသည့် အမျိုးသမီးများ၏ မိန်းမကိုယ်အင်္ဂါထဲသို့ ကြက်သွန်နီဥများ ထိုးထည့်ခဲ့ ကြောင်း စစ်ကိုင်း ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သူ ထံက သိရသည်။ မတ်လ ၃ ရက်နေ့၊ နံနက်ပိုင်း၌ တာတိုင်ကျေးရွာ၏ တောင်ဘက် လယ်ကွင်းထဲတွင် နောက်ဆုံးအလောင်း နှစ်လောင်းကို ထပ်မံတွေ့ရှိခဲ့သည်။

တာတိုင်ဒေသခံ အပါအဝင် စစ်ကောင်စီရဲ့ အမှတ်(၉၉) ခြေမြန်တပ်မက လူမဆန်စွာ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ၁၇ ဦးမှာ – ၁။ ကျေးရွာပကဖ ခေါင်းဆောင် ဦးကျော်ဇော(ခ) ကိုမိုက်ကယ်(၄၇)နှစ်၊ (ဘ) ဦးလှရွှေ ၂။ ဦးထွန်း(၄၀)နှစ်၊ (ဘ) ဦးလှရွှေ ၃။ ဦးအောင်အောင်(၃၈)နှစ်၊ (ဘ) ဦးလှရွှေ ၄။ ဦးစိုးနိုင်(၅၀)နှစ်၊ (ဘ) ဦးလှကြိုင် ၅။ ဦးကျော်စိုး(၃၇)နှစ်၊ (ဘ) ဦးလှကြိုင် ၆။ ဦးကျော်ကျော်(၃၅)နှစ်၊ (ဘ) ဦးကျော်ရွှေ ၇။ ဦးလင်း(၄၀)နှစ်၊ (ဘ) အမည်မသိ ၈။ ကိုရဲလင်းအောင် (၂၅)နှစ်၊ (ဘ) ဦးကျော်လင်း ၉။ ဦးသိန်းထိုက်(၆၀)နှစ်၊ (ဘ) ဦးနက်တူး ၁၀။ ကိုဇော်ဖြိုး(၁၇)နှစ်၊ (ဘ) ဦးကမ္ဘာကျော် ၁၁။ ဒေါ်ပန်းနွယ်(၄၀)နှစ်၊ (ဘ) ဦးသောင်းစံ ၁၂။ ဒေါ်ပန်းသွယ်(၃၇)နှစ်၊ (ဘ) ဦးသောင်းစံ ၁၃။ ကိုနိုင်လင်းအောင်(ခ) ရာဟု (၂၅)နှစ်၊ (ဘ) ဦးကုလား ၁၄။ ဒေါ်ဆွေဆွေဦး(၄၂)နှစ်၊ (ဘ) ဦးတက်တိုး ၁၅။ ဦးကျော်မိုး(ခ) ဦးထီလာ(၄၂)နှစ်၊ (ဘ) ဦးစိန်မောင် ၁၆။ ဦးချစ်ကောင်း(၃၅)နှစ်၊ (ဘ) ဦးရွှေဘ ၁၇။ ဦးဝင်းဌေး(၆၇)နှစ်၊ (ဘ) ဦးဘိုကေတို့ ဖြစ်သည်။

၆။ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် သံဃာတော်များအပါအဝင် ၂၈ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု
(၂၀၂၃ခုနှစ်မတ်လ၁၁ရက်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၊ နမ့်နိန်းကျေးရွာ ရှိဘုန်းတော်ကြီး ကျောင်းတွင်ခိုလှုံနေသည် သံဃာတော်များအပါအဝင် ဒေသခံ ၂၈ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်။ စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် နမ့်နိန်းကျေး ရွာအတွင်းသို့ စစ်ကြောင်းထိုး၀င်ရောက်၍ ဘုန်းကြီး ကျောင်းတွင်ပုန်းအောင်းနေသည့် သံဃာတော် သုံးပါး အပါအဝင် စစ်ရှောင် ပြည်သူများကို သတ်ဖြတ်ထားသည့် အလောင်း ၂၈ လောင်းကို တွေ့ရှိရ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ထံကသိရသည်။

“ကျွန်တော်တို့ မတ်လ ၁၀ ရက်နေ့ကတည်းက ဆုတ်ခွာခဲ့ရပြီး ၁၂ ရက်နေ့မှာ စစ်ကောင်စီ တပ်ဖွဲ့တွေ ပြန်ထွက်သွားတော့မှ ကျေးရွာထဲကို ပြန်၀င်ပြီး နယ်မြေရှင်း လင်းရေး လုပ်တော့ အခုလိုအသတ်ခံထားရတာကိုတွေ့ပါတယ်။ ဘုန်းကြီး ၃ ပါးနဲ့ အလောင်း ၂၈ လောင်းပါ။ ကျောင်းနံရံမှာ ကျည်ဖောက်ရာတွေကို မြင်ရတာဆိုတော့ စက်သေနတ်နဲ့ ပစ်သတ်သွားပုံပါ” ဟု KNDF မှ တာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် နမ့်နိန်းကျေးရွာတွင် တပ်စွဲထားသည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကို မတ်လ ၁၀ ရက်နေ့တွင် လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်များမီးရှို့ဖျက်ဆီးခံခဲ့ရသည်။

မတ်လ ၁၁ ရက်နေ့ နံနက် ၅ နာရီတွင် နမ့်နိန်းကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ နေအိမ် ၂၀ မီးလောင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့များ ဆုတ်ခွာခဲ့သည်။

“အဲဒီ မတ်လ ၁၁ ရက် မနက် ၅ နာရီလောက်ကတည်း နမ့်နိန်းမှာ စစ်တပ်နဲ့ KNDF တို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြတာပါ။ စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်တော့ နေအိမ်အလုံး ၂၀ မီး လောင်ပျက်ဆီးသွားပါတယ်။ အဲဒီမနက်ကတည်းက ကျွန်တော်တို့က ထွက်ပြေးကြရတာ။ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေကတော့ PDFတွေလည်း ဆုတ်ခွာသွားပါတယ်”ဟု ပအိုးဝ်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပင်းလောင်းမြို့နယ် နမ့်နိန်းကျေးရွာတွင် ထိုသို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ပြည်သူပိုင်အိုးအိမ်များကို ဖျက်ဆီးခြင်းကို စစ်ကောင်စီ၏ ဖယ်ခုံ မြို့နယ်အခြေစိုက် အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှု(စကခ-၇) ဌာနချုပ်မှူး ၊ဗိုလ်မှူးချုပ်နေလင်းအောင်၊ စကခ-၈ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းကွပ်ကဲသော တောင်ကြီးမြို့အခြေစိုက် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်သားများ ကျူးလွန်းခဲ့ခြင်းဖြစ်သည်ဟု တပ်တွင်း သတင်းရင်းမြစ်များထံမှ ဧရာ၀တီတိုင်းမ် သတင်းဌာနက စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ “တိုင်းရင်းသားဒေသတွေကို စစ်ကောင်စီတပ်ရဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာအဖွဲ့အစည်း‌တွေကို သတိပြုမိစေချင်တယ်” ဟု ကရင်နီပူးပေါင်းအဖွဲ့တာ၀န်ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုဖြေကြားထားသည်။

ကရင်နီအရပ်ဘက် ၁၃ ဖွဲ့မှလည်း နမ့်နိန်းရွာကိစ္စမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇ၀တ်မှုဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ပအိုဝ်းအဖွဲ့အစည်းများကလည်း အဆိုပါလုပ်ရပ်အပေါ် ရှုတ်ချကြောင်း ကြေညာ ချက်များ ထုတ်ပြန်ခဲ့သည်။

#စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #စစ်ကောင်စီတပ် #လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု #ဧရာ၀တီတိုင်းမ်သတင်းအဖွဲ့ #Ayeyarwaddy_Times