
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မတ်လ ၂၆ ရက်)
စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်ရတဲ့စစ်ဘေးရှောင်နေရသူတွေဟာ စစ်ကြောင့် ကြုံတွေ့ရတဲ့ အကြမ်းဖက်ခံရခြင်း၊ အစားသောက်ရှားပါးခြင်း၊ ရေရှားပါးခြင်း၊ အမိုး အကာနေရာထိုင်ခင်းရှားပါးခြင်းတွေ နဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်ခြင်းတွေကိုပါ ကြုံရ တတ်ပါတယ်။
အဲ့ဒါတွေအပြင် ရောဂါပိုးမွှားကူးစက်ခံရခြင်း၊ ရောဂါဝေဒနာခံစားရခြင်း၊ နှိပ်စက် ခံရခြင်း၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားခံရခြင်း နဲ့ လိုအပ်တဲ့ဆေးကုသမှုမရရှိတာတွေကိုလည်း ရင်ဆိုင်ရတတ် ပါတယ်။
မိမိချစ်ခင်ရတဲ့ မိသားစုဝင်တွေကို ဆုံးရှုံးရတာတွေ၊ ပညာသင်ကြားခွင့် တားဆီးခံရပြီး ပညာသင်ခွင့်မရတာတွေလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေလည်း ကြုံတွေ့ရမှာမို့ ရှင်သန်ဖို့အရေး ခက်ခက်ခဲခဲ ဖြတ်သန်းကြရပါတယ်။
လူမဆန်တဲ့ စစ်ကောင်စီရဲ့လေယာဉ်နဲ့ဗုံးကြဲ ဖျက်ဆီးဒုက္ခပေးတာတွေကြောင့် မြန်မာ နိုင်ငံသားစစ်စစ် အရပ်သားတွေဟာ နေ့စဉ်နေရပ်စွန်ခွာ ထွက်ပြေးနေရပြီး စစ်ဘေး ရှောင်စခန်းတွေမှာ ခိုလှုံနေရပါတယ်။ စစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ ထူထပ်များပြား လာတာနဲ့အမျှ ရေရှားပါးမှု အခက်အခဲကိုလည်း အမြဲတစေကြုံတွေ့နေရမှာပဲ ဖြစ်ပါတယ်။
စစ်ရှောင်တွေဟာ ကူးစက်အရေပြားရောဂါတွေတင်မကဘဲ ရေရှားပါးခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုပါ ရင်ဆိုင်ရတတ်ပါတယ်။
ဒါကြောင့် စစ်ဘေးရှောင် စခန်းတွေမှာ အဖြစ်များပြီး ကြုံတွေ့ရတတ်တဲ့ အရေပြား ကူးစက်ရောဂါတွေဖြစ်တဲ့ ယားနာ၊ ဝဲရောဂါ၊ ပွေးရောဂါနဲ့ ရေကျောက်ရောဂါ တွေကို ဒီတစ်ပါတ် ဧရာ၀တီတိုင်းမ်းသတင်းဌာနရဲ့ ကျန်းမာရေးအသိပညာပေးကဏ္ဍကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဝဲ ရောဂါ ( Scabies )
အရေပြားရောဂါ ယားနာထဲက ဝဲပေါက်တာကို အားလုံးသိထားကြပါတယ်။ ဝဲပေါက်တာဟာ Sarcoptes scabiei လို့ခေါ်တဲ့ ဝဲပိုး ကြောင့်ဖြစ်ရတာပါ။ ဝဲပိုးတွေက လူ့ခန္ဓာကိုယ်အရေပြားနေရာစုံ ပျံ့နှံ့ပြီး အရေပြားကို တွင်းတွေ တူးဆွပါတယ်။ မျိုးပွားပြီး ဥဥချပါတယ်။ ထပ်ထပ်ပွားများလာပြီး အယားဓါတ်တွေ ထုတ်တာကြောင့် ဓာတ်မတည့် မှုတွေဖြစ်ပြီး အဖုအပိန့်တွေထ ယားယံလို့ ကုတ်ဖဲ့ရင်း ဝဲသံသရာလည် တော့တာပါပဲ။
ကူးစက်မြန်တဲ့ဝဲရောဂါ
ထိသွားတိုင်း ကူးစက်တဲ့ ဝဲကို ကူးစက်လွယ် ကူးစက်မြန်ရောဂါလို့ သတ်မှတ်နိုင်ပါတယ်။ လူအချင်းချင်းရဲ့ အရေပြားချင်းထိတဲ့အခါ ဝဲပိုးတွေ ကပ်နေတဲ့ ပိတ်စ ၊ အဝတ်အစား၊ မျက်နှာသုတ်ပုဝါ၊ အိပ်ရာ၊ စောင် ၊ ခြင်ထောင် နဲ့ ပရိဘောဂ အသုံးအဆောင်တွေကို ထိတွေ့မိရင် ဝဲရောဂါ ကူးပါပြီ။ လူနေထူထပ်သိပ်သည်းတဲ့ စစ်ဘေးသင့်စခန်းက စစ်ရှောင်ပြည်သူတွေအနေနဲ့ အသက်အရွယ်၊ ကျားမ ၊ လူမျိုးဘာသာ မရွေး ဖြစ်ပွားနိုင်ပါတယ်။ စစ်ဒဏ်သင့်ပြည်သူတစ်ဦးဦးမှာ ဝဲ ရှိနေရင် သူနဲ့ထိတွေ့ နီးစပ်ပြီး အသုံးအဆောင်တွေကို မျှဝေသုံးစွဲရတဲ့သူတွေဆီ ကူးစက်စေမှာပါ။
ကိုယ်အရေပြားအနှံ့ အနီအစက် အဖုအပိန့်တွေထွက်မယ်။ လက်ချောင်းကြား နေရာလေးတွေ၊ လက်ကောက်ဝတ် ၊တံတောင်ဆစ်၊ ချိုင်း၊ ရင်သားအောက်၊ ခါး၊ ဗိုက်၊ ပေါင်၊ ပေါင်ခွကြား၊ အမျိုးသားလိင်အင်္ဂါ ၊ တင်ပါး၊ ခြေထောက် ဘယ်နေရာမဆို ယားယံပြီး ဝဲဖြစ်နိုင်ပါတယ်။
ကလေးတွေမှာဆို ဦးရေပြား၊ မျက်နှာ၊ လည်ပင်း နဲ့ လက်ဖဝါးခြေဖဝါးလေးတွေမကျန် ဖြစ်တယ်။ ယားလွန်းလို့ ငိုတာ၊ ညဘက်မအိပ်တာ၊ စိတ်တိုနေတတ်တာ၊ ကုတ်နေ တတ်တာတွေလည်း ကြုံရပါမယ်။
တစ်ကိုယ်လုံး ယားယံတတ်တယ်။ ဆိုဆိုးရွားရွားကို ယားပါတယ်။ ပူလွန်းတဲ့အချိန်နဲ့ ညဘက်တွေဆို သည်းမခံနိုင်လောက်အောင် ဆိုးတယ်။ ကုတ်ဖဲ့လို့ ဖြစ်လာတဲ့ ကုတ်ခြစ်ရာတွေရှိနေတတ်တယ်။ အဆက်မပြတ်ကုတ်ရင်း အရည်တစိုစို နဲ့ အနာတွေ စုတ်ပြဲဒဏ်ရာကနေ ရောဂါပိုးဝင်တဲ့အခါ ပြည်တည်နာ ဖြစ်သွားတတ်ပါတယ်။ ခပ်ဖောင်းဖောင်း အတွန့်အကောက် နဲ့ တွင်းတူးရာလို နီနီရဲရဲတွင်းငယ်လေးတွေ့ရင် ဝဲလို့ ကျိန်းသေပြောနိုင်ပါပြီ။
ဝဲပေါက်ရင်ဘာလုပ်ရမလဲ
ဝဲပေါက်လို့ ယားရင် Calamine lotion လိမ်းဆေး လိမ်းတာ ယားယံတဲ့နေရာတွေကို ရေစိုအဝတ်အေးအေးလေးကပ်ပေးတာတွေ လုပ်ရပါတယ်။ အယားပြေဆေး Burmeton , Loratidine တို့လို antihistamines ဆေးတွေ သောက်ရပါမယ်။
ဝဲပိုးတွေရှင်းဖို့ permethrin, lindane, ivermectin လိုဆေးတွေကို ညွှန်ပြီး ကုပေးရမှာပါ။ ဆေးလိမ်းနည်းကတော့ တစ်ကိုယ်လုံးလိမ်း တစ်ညထားပြီး နောက်နေ့မနက် ရေချိုးလိုက်ရမှာပါ။ တစ်ကြိမ်တစ်ခါကုသတာနဲ့ ပျောက်ကင်းသွား တတ်ကြပါတယ်။ နှစ်ပတ်ခြားတစ်ခါစီ ဆရာဝန်က ပြန်ကြည့်ပြီး လိုရင် ထပ်လိမ်းရမှာပါ။
အရေပြားကူးစက်ရောဂါဝဲသံသရာဖြတ်ဖို့
‘ဝဲ’ သံသရာဖြတ်ဖို့အတွက် ပိတ်စ ၊ မျက်နှာသုတ်ပုဝါ၊ အိပ်ရာခင်း၊ စောင်၊ အဝတ်အစား၊ ပရိဘောဂ အသုံးအဆောင် အားလုံးကို သန့်ရှင်းရေးလုပ်ရပါမယ်။ ရေနွေးပူထဲ ပြုတ်လျှော်တာ နေပူလှန်းတာတွေ လုပ်ရပါမယ်။
တစ်ယောက်ထဲ ဝဲဖြစ်နေခဲ့ရင်တောင် အသုံးဆောင်ပစ္စည်းတွေမျှဝေသုံးစွဲနေရတဲ့ အတူနေစစ်ဘေးဒုက္ခသည်တွေကို ဝဲကူးစက်ပြီးလို့ ယူဆရပါမယ်။ တစ်ချိန်တည်းမှာ အားလုံး အတူတူ ကုသမှုခံယူရပါမယ်။ ဝဲဆေးကို အားလုံးအတူတူလိမ်းရမှာပါ။
ဝဲပေါက်ရင် အဆက်မပြတ် ကုတ်ဖဲ့တာမျိုးကို အတတ်နိုင်ဆုံးရှောင်ပါ။ လက်သည်း ကနေ ပိုးဝင်တတ်လို့ လက်သည်းကို ပုံမှန်ညှက်ပါ။ ယားယံပျောက်လိမ်းဆေးနဲ့ သောက် ဆေးတွေက ယားယံတာကိုပဲ သက်သာစေမှာပါ။ ဝဲ ပျောက်ဖို့အတွက် ဝဲလိမ်းဆေး၊ (လိုအပ်ပါကသောက်ဆေး) သုံးရပါမယ်။
အရေပြားမှိုစွဲတာကြောင်းဖြစ်တဲ့ ပွေးရောဂါ(Dermatophytosis)
အရေပြားမှိုစွဲပြီး ဦးရေပြား၊ ကိုယ်အရေပြားအနှံ့ နဲ့ လက်သည်းခြေသည်းတွေမှာ ဝိုင်းဝိုင်းစက်စက် အကွင်းအကွက်တွေ ဖြစ်လာရင် ဒါကတော့ ပွေးယားနာပဲ ဖြစ်ပါတယ်။
Epidermophyton , Microsporum, Trichophyton လို့ ခေါ်တဲ့ အရေပြား မှိုအုပ်စုမှာပါတဲ့ မှိုတွေကြောင့် အရေပြားထိခိုက်ပျက်စီးရပါတယ်။ မှိုက လူ့အရေ ပြားအတွက် ဓာတ်မတည့်ဘဲ ခန္ဓာကိုယ်က ပြန်တုံ့ပြန်တာကြောင့် ယားယံတဲ့ ပွေးကွက်တွေ ဖြစ်လာပါတယ်။
ပွေးရောဂါဟာ ဝဲ လိုပါပဲ အရေပြားချင်းထိတွေ့ရာက ကူးစက်ပါတယ်။ ပွေးရှိသူရဲ့ အဝတ်အစား၊ မျက်နှာ သုတ်ပုဝါအသုံးအဆောင်၊ အိပ်ယာ၊ စောင်၊ ခြင်ထောင်တွေ အတူမျှဝေသုံးရပြီးဆို ကူးစက်ခံရတော့မှာပါ။ စစ်ရှောင်စခန်းလို လူနေထူထပ် သိပ်သည်းတဲ့နေရာတွေမှာ ကူးစက်ဖြစ်ပွားတာ များပါတယ်။ ပွေးရောဂါဟာ ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ အဖြစ်များပါတယ်။ ချွေးအလွန်ထွက်သူတွေမှာ ပိုဖြစ်ကြပါတယ်။
ပွေးပေါက်တဲ့ နေရာပေါ် မူတည်ပြီး ဦးရေပြားပွေး(Tinea Capitis) ၊ မျက်နှာမှာပေါက်တဲ့ပွေး(Tinea Faciei )၊ ကိုယ်ခန္ဓာခြေလက်တွေဖြစ်တဲ့ပွေး (Tinea Corporis)၊ လက်ပွေး (Tinea manuum) ၊ ခြေထောက်ပွေး (Tinea pedis)၊ ပေါင်ကြားနဲ့ လိင်အင်္ဂါ နဲ့ တင်ပါး ပေါင်ခြံ စအိုနားမှာ ပေါက်တဲ့ ပွေး (Tinea cruris)ဆိုပြီး ခွဲခြားသတ်မှတ်ကြပါတယ်။
ပွေးရောဂါလက္ခဏာ
ပွေးရောဂါဟာ စကာစမှာ နီနီရဲရဲ ဝိုင်းဝိုင်းစက်စက် ခပ်သေးသေး ပွေးကွက်တွေ ကနေ ကြီးပြီးပြန့်ကား လာတတ်ပါတယ်။ အလယ်အရေပြားက ပြောင်ရှင်းနေတာရှိသလို အဖြူဖတ်လေးတွေ ကွာတာလည်း ကြုံရပါမယ်။ အရည်ကြည်ဖုတွေဖြစ်လာပြီး ပွေးကွက်တွေ စုပေါင်းပြီး အနီပြင်အကွင်းဆက်ကြီးလို ဆက်လက်ပျံ့နှံ့ ပွားများ တတ်ပါတယ်။
ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ ဦးရေပြားပွေးက နီရဲမယ်။ ပြည်တည်နာလို ယောင်နေမယ်။ အကွက်တွေပေါ်ဆံပင်ကျွတ်တယ်။ ဆံပင်ကျွတ်ထိပ်ကွက်တဲ့နေရာမှာ အဖြူဖတ်တွေ ကွာကျပြီး ဗောက်နဲ့ ပုံစံတူလို မြင်ရပါမယ်။
ခြေထောက်မှာပေါက်တဲ့ပွေး ၊ လိင်အင်္ဂါနဲ့ကြားတွေမှာ ပေါက်တဲ့ပွေးကို အားကစားလို က် စားပြီးချွေးထွက်သန်ကြတဲ့ လူငယ်အမျိုးသားတွေမှာ ပိုတွေ့ရပါတယ်။ ဝဲလိုပါပဲ။ ပူတဲ့အချိန် ချွေထွက်များရင် သည်းမခံနိုင်လောက်အောင် ဆိုဆိုးရွားရွားကို ယားပါတယ်။ ကုတ်ဖဲ့လို့ ဖြစ်လာတဲ့ ကုတ်ခြစ်ရာတွေရှိနေတတ်တယ်။ အဆက်မပြတ်ကုတ်ရင်း အနာတွေ စုတ်ပြဲဒဏ်ရာကနေ ရောဂါပိုးဝင်တဲ့အခါ ပြည်တည်နာ ဖြစ်သွားတတ်ပါတယ်။
ပွေးပေါက်ရင်ဘာလုပ်ရမလဲ
ပွေးကြောင့် ယားနာအတွက် အယားပြေဆေးညွှန်ပေးရမယ့်အပြင် ပွေးဟာ အရေပြားမှိုစွဲရောဂါ ဖြစ်လို့ မှိုသေဆေးလိမ်းတာ သောက်တာတွေ လုပ်ရပါမယ်။ ရောဂါ အခြေအနေပေါ်မူတည်ပြီး ဆရာဝန်ကြည့်ဖို့ လိုပါမယ်။
Ketoconazole, Clotrimazole , Econazole , Miconazole , Sertaconazole, Naftifine, Terbinifine လို လိမ်းဆေးတွေကို ညွှန်းရမှာဖြစ်ပြီး အခြေအနေအရပ်ရပ်ကို ချိန်ဆပြီး လိုအပ်ပါက သောက်ဆေးတွေပေး ကုသရမှာပါ။
ကြိုတင်ကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးပုံမှန်လုပ်ရမယ်။ ရေချိုး ၊ ခေါင်းလျှော် မုတ်ဆိတ်ရိတ် ၊ ဆံပင်ညှပ်၊ လက်သည်းခြေသည်းညှပ်တာတွေ မလစ်ဟင်းရပါဘူး။ အဝတ်အစား၊ အသုံးအဆောင်၊ အိပ်ရာ စောင်တွေ အတူမျှဝေမသုံးသင့်ပါဘူး။ ခြေချွေး ၊ ခြေဆီတွေမှာ မှိုက ပေါက်ဖို့လွယ်တာကြောင့် ခြေထောက်ကို ခြောက်သွေ့ သန့်ရှင်း အောင်ထားရပါမယ်။
ရေကျောက်ရောဂါ (Chicken Pox) နဲ့နွေရာသီ
ကလေးငယ်တွေ နွေရာသီလို ပူပြင်းတဲ့အချိန် ဖြစ်တတ်တာကတော့ ရေကျောက် ရောဂါပါ။ အရေပြားမှာ အနီကွက်အဖုအပိမ့်တွေ ပေါ်လာပါတယ်။ ကူးစက် ခံစားပြီးတဲ့အခါ သူ့အလိုလို သက်သာပျောက်ကင်းမှာရောဂါဖြစ်ပေမယ့် အဖျားကြီး တာလိုမျိုး ဆိုကျိုးတွေလည်း ရှိတတ်တာကြောင့် ပေါ့ဆလို့မရပါဘူး။ မွေးကင်းစ ကလေးငယ်တွေ၊ ကိုယ်ခံအားမကောင်းတဲ့ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အရွယ် ရောက် လူကြီးတွေမှာ ဖြစ်ခဲ့ရင်တော့ ပြင်းထန်တတ်ပါတယ်။ ရေကျောက်ရောဂါဟာ Varicella zoster ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။
ရေကျောက်ရောဂါလက္ခဏာ
ရေကျောက်ရောဂါဟာ မူလတန်းအရွယ်ကလေးငယ်တွေမှာ အများဆုံး ဖြစ်တတ် ပါတယ်။ ရေကျောက်ပေါက်ရင် ကလေးတွေဟာ ဆော့ကစားခြင်း မပြုနိုင်တော့ဘဲ ပင်ပန်းနွမ်းနယ်နေတတ်ကြပါတယ်။ ကိုယ်ငွေ့ဖျားလို့ ခေါ်ရလောက်တဲ့ ကိုယ်နည်းနည်း ပူတာကို ကြုံရမှာပါ။ အနီအစက်၊ အဖုအပိမ့်တွေ မသိမသာ စထွက်ပါတယ်။ ရေကြည် ဖုလေးတွေဖြစ်လာပြီး ဖောင်းကြွလာပါတယ်။ ရေကြည်ဖု လေးတွေ ပေါက်တဲ့အခါ စပ်ဖျင်းဖျင်း ပူပူလောင်လောင်ဖြစ်သွားပါတယ်။ အနာညှိုးသွားပြီး လုံးဝခြောက် သွားတဲ့အခါ အနာဖေးတွေဖြစ်လာပါတယ်။အနာဖေးတွေ ကွာကျတဲ့အခါ ဆိုးဆိုးရွားရွား ယားယံပါတော့တယ်။
ရင်ဘတ်၊ ကျောကုန်း ၊ လည်ပင်း ၊ ခေါင်းတို့မှာ အများကြီးပေါက်ပါတယ်။ ခြေထောက်တွေ၊ လက်တွေထိ ပျံ့နှံ့ပါတယ်။ ဦးရေပြား၊ ပါးစပ်၊ မျက်လုံး၊ နှာခေါင်း၊ နဖူး တွေသာမက လိင်အင်္ဂါတွေမှာပါ မကျန် ဖြစ်ပါတယ်။
ရေကျောက်ဘာလို့ပေါက်သလဲ
ရေကျောက် ဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းက တစ်ဆင့် ကူးစက်တာပါ။ တိုက်ရိုက်ထိတွေ့ခြင်းနဲ့ ရှုရှိုက်မိရင်ဖြစ်စေ၊ လေထဲကနေတစ်ဆင့်ဖြစ်စေ ကူးစက် တတ်ပါတယ်။
ရေကျောက်ပေါက်ပြီး အနာဖေးများခြောက်သွေ့သွားတဲ့အထိ ၁ပတ် ၁၀ရက် အနားယူရပါမယ်။ ကလေးတွေကို ပို ဂရုစိုက်ရပါမယ်။ စစ်ရှောင်စခန်းက အခြားသော ကလေးတွေကို ထိတွေ့ကူးစက်တာ ရှောင်မရပါ။ ဖြစ်နိုင်ပါတယ်။ အလိုလို ပျောက်ကင်း သက်သာတဲ့ ရောဂါဖြစ်တဲ့အတွက် အစိုးရိမ်မလွန်ဖို့ အားပေးချင်ပါတယ်။ ဒါပေမယ့် ကိုယ်ခံအားနည်းတဲ့ ကလေးတွေကိုတော့ သေချာဂရုစိုက်ပေးရမှာပါ။
ရေကျောက်ပေါက်ပါကဆောင်ရန်/ရှောင်ရန်
ဖျားရင် ရေချိုးပေးတာ ရေပတ်ဝတ်တင် ရေပတ်တိုက်တာတွေ လုပ်ရပါမယ်။ ပါရာစီတမော (paracetamol) တိုက်ရပါမယ်။နေ့စဥ်ပုံမှန် ရေချိုးပေးရပါမယ်။ ရေချိုးပြီးရင်လည်း နူးညံ့သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါကို သုံးပြီး ညှင်ညှင်သာသာ သုတ်ပါ။ အဖုတွေ ပေါက်ပြဲတာ အနာဖေးတွေ ယားယံတာကြောင့် အကြမ်းပတမ်း လုပ်တာမျိုးမလုပ်မိအောင် ထိန်းပေးရပါမယ်။
ယားယံတာသက်သာဖို့ Calamine ဆေးရည် အပြင်soothing lotion လေးတွေပါ လိမ်းပေးနိုင်ပါတယ်။ အနာဖေးတွေ မကုတ်ဖဲ့မိအောင် ဂရုစိုက်ရပါမယ်။ လက်သည်းခြေသည်းတွေ မရှည်အောင် ညှပ်ရပါမယ်။ ရေများများတိုက်ပြီး ရေဓါတ်ဖြည့်ရပါမယ်။ဓါတ်ဆားရည် သစ်သီးဖျော်ရည် တိုက်ပေးပါ။
ဗိုင်းရပ်စ်ပိုးအတွက် ကုရတဲ့ Antiviral ဆေးတွေကို ပုံမှန်အားဖြင့် ညွှန်ရန်မလိုအပ်ပါ။ ဆရာဝန်က ကြည့်ပြီး လိုအပ်မှသာ acyclovir, valacyclovir လို ဆေးတွေ ပေးမှာ ဖြစ်ပါတယ်။
ကိုယ်ဝန် ငါးလအောက် ဒါမှမဟုတ် မွေးဖွားချိန်မှာ ရေကျောက်ပေါက်ခဲ့ရင် ကလေးမှာ လည်း အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရေကျောက်ပေါက်ခဲ့ရင် ဆရာဝန်သေချာပြရပါမယ်။
နောက်တစ်ပတ်မှာတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်ရှိနေသေးတဲ့ အရေပြားယားနာခြင်းဆိုင်ရာပြဿနာတွေကို ဆက်လက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ပြည်သူ အားလုံး ဒုက္ခတွေ အဆုံးသတ်ပြီး ခွင့်တူညီမျှ ဖက်ဒရယ်ဘဝကို အမြန်ဆုံးရရှိနိုင်ဖို့ ဆုတောင်းမေတ္တာဝေမျှ လိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #စစ်ဘေးရှောင်စခန်း #အရေပြားရောဂါပြဿနာများ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)