ဧရာဝတီတိုင်းမ်
(မတူပီ)၊ မတ် ၂၆ ရက်
မတူပီမြို့နယ်၊ ထေဘွေးစခန်းသို့ တပ်အင်အားနှင့် ရိက္ခာဖြည့်တင်းနေသော စစ်ကောင်စီတပ်နှင့် CDF-မတူပီ၊ CNAတို့ ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့များတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးနေပုံကို ရုပ်သံနှင့်တကွ CDF-မတူပီက ယနေ့တွင် ထုတ်ပြန်သည်။
မတူပီအခြေစိုက် ခမရ ၃၀၄ မှ မတူပီ-ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးစခန်းသို့ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင် တပ်အင်အားနှင့် စားနပ်ရိက္ခာဖြည့်ရန် ယာဥ် ၃ စီးနှင့်အတူ အင်အား ၈၀ခန့်ထွက်ခွာလာခဲ့ပြီး CDF-မတူပီနှင့် CNAတို့က အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
CDF-မတူပီနှင့် CNA တို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးပုံကို ရုပ်သံတွင် မြင်တွေ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
မတူပီ-ပလက်ဝလမ်း မိုင်တိုင် (၁၆) ဝါပုန်းလမ်းခွဲအနီးအနားတစ်လျှောက်တွင် စစ်ကောင်စီတပ်က နင်းမိုင်းများစွာ ထောင်ထားသဖြင့် မိမိတို့ CDF – Matupiမှ အတတ်နိုင်ဆုံးမိုင်းရှင်းလင်းရေးပြုလုပ်ပြီးမှသာ သွားလာကြပါရန် CDF – Matupi က အသိပေးထားသည်။
မိဘပြည်သူများအနေဖြင့်ထုတ်ပြန်ချက်များကို အထူးအလေးထားစေလိုကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။