ဧရာဝတီတိုင်းမ်
မတ်လ ၂၅ ရက်

ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် စစ်ကောင်စီက ကုန်ပစ္စည်း သယ်ယူခွင့် ကန့်သတ် တားမြစ်မှုများကြောင့် ဆန်ဈေးနှုန်းများ ပုံမှန်ထက် အဆမတန် မြင့်တက်လျှက် ရှိကြောင်း စုံစမ်းသိရှိရသည်။

ယခင်က ပေါ်ဆန်မွှေး ဆန် တအိတ်ကို ကျပ် ၆ သောင်းခွဲ၊ ၇သောင်း ဝန်းကျင်သာ ရှိသော်လည်း လက်ရှိ ပေါ်ဆန်မွှေး ဆန်တအိတ်ကို ကျပ် ၈ သောင်းကျော်မှ တစ်သိန်း နီးပါးအထိ ဈေးမြင့်တက်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပလက်ဝမြို့နယ်မှ ဒေသခံများမှာ ကုန်ပစ္စည်းများကို တစ်ခြားနေရာများကဲ့သို့ လွတ်လပ်စွာ သယ်ယူခွင့်မရရှိဘဲ ပလက်ဝ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) ၂၈၉ တပ်ရင်းဂိတ်ထံ ခွင့်ပြုချက်တင်ကာ အကန့်အသတ်ဖြင့် သယ်ယူ နေကြရသည် ဟုလည်း ဆိုသည်။

ပလက်ဝမြို့ခံ အမျိုးသားတစ်ဦးက“ပစ္စည်းတွေ သယ်ယူဖို့အတွက် တပ်ရင်းဆီမှာ ခွင့်ပြုချက်တင်ရင်လည်း တစ်ပတ်၊ နှစ်ပတ်ထိ ကြာသွားတာမျိုး ရှိတယ်။ အဓိက ငွေတောင်းတဲ့ သဘောမျိုးပေါ့။ ကျနော်တို့ သိရသလောက် တခါတင်ရင် ကျပ် ၃/၄သိန်း ပေးရတယ်လို့ ပြောတယ်။ သူတို့ ခွင့်ပြုထားတာထက် အပိုပါလာရင် သိမ်းတာလည်း ရှိတယ်လို့ ကြားတယ်။ ဒါကြောင့် သာမန်လူတွေက ဆန်တွေကို အရင်လိုမြို့တက်ပြီး မဝယ်နိုင်တော့ဘဲ ကုန်သည်တွေကတဆင့် ဝယ်ရတယ်။ ကုန်သည်တွေကလည်း ဂိတ်မှာပေးရတဲ့ငွေကို ပစ္စည်းတွေကရအောင် ပြန်ထုတ်တဲ့အတွက် ဈေးမြှင့် ရောင်းကြတယ်။ ဒါကြောင့် ဈေးတွေက တက်သွားတာပါ”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

ထို့ကြောင့် ကုန်သည်ကြီးများမှ လွဲ၍ တစ်ခြား ဒေသခံများမှာ ကျောက်တော်မြို့သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် မဝယ်ယူနိုင်ကြဘဲ ကုန်သည်ကြီးများထံမှ တစ်ဆင့် ဈေးအဆမတန်ပေး၍ ဝယ်ယူ စားသုံးနေရကြောင်းလည်း ဒေသခံများက ပြောသည်။

ပလက်ဝမြို့မှ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးကလည်း“ကျမတို့ ပလက်ဝမှာက ကုန်ဈေးနှုန်းတွေက ကျတယ်လို့ မရှိဘူး။ တက်ပဲတက်နေတာ။ စစ်တပ်ရဲ့ ခွင့်ပြုချက်တွေယူပြီး ကုန်သည်တွေက ဆန်တွေကိုလည်း အမြဲသွင်းတယ်။ ဆန်ပြတ်တာတို့လည်း မရှိဘဲ ဆန်ဈေးက တက်နေတာ။ ပစ္စည်းယူဖို့အတွက် ခွင့်ပြုချက်တင်ကတည်းက ကုန်သည်တွေကို စစ်တပ်က ဘယ်ဈေးနဲ့ဘယ်လို ရောင်းပါ ဆိုပြီး ဈေးသတ်မှတ်ပေးတယ်။ အဓိက ဈေးထိန်းပေးတဲ့သဘောပေါ့။ ဒါပေမယ့် ဆန်ဈေးတွေက တစ်ခြားနေရာတွေမှာထက် ဈေးတက်နေတယ်”ဟု ပြောဆိုသည်။

လက်ရှိ ဆန်ဈေးနှုန်းမှာ လူလတ်တန်းစားများနှင့် အလုပ်အကိုင်အတည်တကျ ရှိသူများအတွက် အခက်အခဲ မရှိသော်လည်း သာမန် လက်လုပ် လက်စား ဒေသခံများအတွက် အလွန်အကျပ်အတည်း ဖြစ်စေကြောင်း ပလက်ဝ ဒေသခံ တစ်ဦးကလည်း ပြောသည်။

“အခုက မိုင်းကိုကြောက်လို့ တောတောင်ထဲကိုဝင်ပြီး မလုပ်စားရဲတာ တစ်မျိုး၊ အရင်လို ကျောက်တော်မြို့ကို စက်လှေလည်း အငှားမကျတာ တစ်မျိုးနဲ့ ဝင်ငွေက မရှိသလောက်ဘဲ။ ဂိတ်ကြေးပေးနိုင်တဲ့ မော်တော်ဘုတ်ကြီးတွေပဲ သွားလာနိုင်တယ်။ ဆိုတော့ လက်လုပ် လက်စားတွေက အခက်အခဲဖြစ်ရတယ်။ ဆန်ဈေးနှုန်းကလည်း တက်ပဲ တက်လာနေတော့ ဘယ်ကဝင်ငွေနဲ့ ဘယ်လိုစားရမလဲတောင် မသိတော့ဘူး”ဟုလည်း ၎င်းက ဆက်ပြောသည်။

ပလက်ဝမြို့သည် ကုန်စည်စီးဆင်းမှုအတွက် ကျောက်တော်မြို့ကိုသာ အဓိက မှီခိုအားထားနေရခြင်း ဖြစ်ပြီး ပလက်ဝနှင့် ကျောက်တော်ကြားရှိ ရေလမ်းကြောင်းကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ အတွင်းမှစ၍ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား လူသားချင်း စာနာမှုဆိုင်ရာ အပစ်ခတ် ရပ်စဲခဲ့ကြပြီး စစ်ကောင်စီက ရခိုင်နှင့် ချင်းပြည်နယ်တို့မှ ၎င်းတို့ ပိတ်ဆို့ထားသော လမ်းကြောင်းတစ်ချို့ ပြန် ဖွင့်ပေးခဲ့သော်လည်း ပလက်ဝဒေသခံများမှာ လက်ရှိအချိန်ထိ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် မရရှိသေးဘဲ ဖြစ်နေကြောင်းလည်း သိရှိရသည်။

#ပလက်ဝ #စစ်ကောင်စီ #ကုန်ပစ္စည်း #သယ်ဆောင်ခွင့် #ကန့်သတ်ချက် #ဆန်စျေးနှုန်း
#Ayeyarwaddy_Times