ဧရာဝတီတိုင်းမ်
မတ်လ ၂၅ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အောက်ဆိမ့်တော
ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ကသတ်ဖြတ်သွားတဲ့အလောင်း(၄)လောင်းဟာ မုံရွာအခြေစိုက်ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တွေဖြစ်တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Burma Human Rights Network – BHRN မှ ရေးသားထုတ်ပြန်ထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်မှာ မတ်လ(၂၁)ရက်နေ့ကနေ (၂၃)ရက်နေ့အထိ မုံရွာနယ် အရှေ့တောင်ဘက်ကကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးရာမှာ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်လာရင်း ရက်ရက်စက်စက်သတ်ဖြတ်ထားခဲ့တာလို့ ဆိုပါတယ်။
သူတို့ဟာ မတ်လ(၁၂)ရက်ညပိုင်းက မုံရွာမြို့ နန္ဒ၀န်ရပ်ကွက်အတွင်းမှာရှိတဲ့ KTV တစ်ခုမှာ စစ်ကောင်စီတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခံခဲ့ရသူတွေဖြစ်တယ်လို့ သိရပါတယ်။
“သတ်ခံရတဲ့(၄)ယောက်လုံးက Local(ဒေသကာကွယ်ရေး) တပ်ဖွဲ့၀င်တွေဆိုတာတော့သိတယ်။ဘယ်အဖွဲ့တွေက ဆိုတာတော့ သေချာမသိရသေးဘူး။သတင်းတွေ တက်နေတာကတော့ (၈)ယောက်အဖမ်းခံရတယ် (၄)ယောက် သတ်ခံရတယ်။ ကျွန်တော်တို့သိတာကတော့အသတ်ခံလိုက်ရတဲ့ (၄)ယောက်ပဲသိတာ”လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် တစ်ဦးက Burma Human Rights Network – BHRNကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ကသတ်ဖြတ်ပြီးအလောင်းစွန့်ပစ်သွားသူတွေဟာ ကိုငယ်ဦး၊ကိုသူရဇော် ၊ကိုအောင်မျိုးငြိမ်းနဲ့ ကိုဝေလင်းဦး တို့(၄)ဦးဖြစ်တယ်လို့ BHRN ရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။
ဒီလကုန်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့က မုံရွာမြို့ပတ်လည်မှာရှိတဲ့ကျေးရွာတွေကိုအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး၀င်ရောက်ပြီး လူသတ်၊မီးရှို့တာတွေရှိနေတဲ့အတွက်ဒေသခံပြည်သူတွေနေ့စဉ်နဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ Burma Human Rights Network – BHRN မှ ရေးသားထုတ်ပြန်ထားပါတယ်။
#မုံရွာ #စစ်ကောင်စီ #PDF #ဓားစာခံ #ဖမ်းဆီး #သတ်ဖြတ်
#Ayeyarwaddy_Times