ဧရာ၀တီတိုင်းမ်
မတ်လ ၂၅ ရက်

ကရင်နီ (ကယား) ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကရင်နီ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် အင်အား ၉၀ ကျော် ကျဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီမှ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) လက်အောက်ခံ အမှတ် – ၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ -၂) အောက်ရှိ တပ်ရင်းများဖြစ်သော ခလရ – ၁၂၊ ခမရ – ၅၁၆ နှင့် ခမရ – ၅၁၅ တပ်ရင်း ၃ ရင်း၊ အင်အား ၃၃၀ ခန့်ဖြင့် မတ်လဆန်းပိုင်းမှစ၍ ကရင်နီ (ကယား) ပြည်နယ်ကို ထိုးစစ်ဆင် နေခြင်းဖြစ်သည်။

အဆိုပါစစ်ကောင်စီတပ်ရင်း ၃ ရင်းမှာ ဒီမော့ဆိုမြို့နယ် အရှေ့ခြမ်းရှိ ရှိ ဒေါညင်းခူ ၊ ဒေါဆိုဖျ၊ ဒေါတမကြီး ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးတပ်စွဲထားသဖြင့် ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာ မတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ ၃ ရက်အတွင်း ဗိုလ်ကြီးအဆင့်ရှိသူ ၄ ဦးအပါအဝင် စစ်ကောင်စီတပ်မှ ၉၀ ကျော် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒေ့ါတမကြီးကျေးရွာဘက်ကို တပ်ရင်း ၃ ရင်းနဲ့ စစ်ကြောင်းထိုးလာတယ်။ တိုက်ပွဲက မတ်လ ၉ ရက်နေ့ ကတည်းက စဖြစ်နေတာ။ အစောပိုင်းတိုက်ပွဲတွေမှာလည်း သူတို့ဘက်က ၁၀ ယောက်ကျတာ၊ အယောက် ၂၀ သေတာရှိတယ်။ မတ်လ ၂၀ ရက်ကနေစပြီး ဒေါတမကြီးရွာမှာ တပ်စွဲထားတဲ့စကစ စစ်ကြောင်းတွေကို ကျွန်တော်တို့ ထိုးစစ်ဆင်ခဲ့တယ်။ အဲ့ဒီမှာ စစ်ကောင်စီဘက်က ၉၀ ကျော်လောက် သေတယ်။ ၅၀ နဲ့အထက်က လုံး၀ ဒဏ်ရာရပြီး သူတို့ (စစ်ကောင်စီ) ပြန်ဆွဲသွားတယ်”ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDF ဗဟို ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း ခမရ ၅၁၅ တပ်ရင်းမှ လက်နက်များ သိမ်းဆည်းရမိခဲ့သော်လည်း ၅၁၅ တပ်ရင်းတစ်ခုလုံး ကျဆုံးသည်ဆိုသည့်သတင်းကို KNDF အနေဖြင့် အတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။

စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြားသဖြင့် ဒီမော့ဆိုမြို့နယ်၊ ဒေါ့တမကြီးကျေးရွာမှ ဆုတ်ခွာခဲ့ပြီးနောက် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများအသုံးပြုကာ ပြန်လည်ထိုးစစ်ဆင်ခဲ့သဖြင့် ကရင်နီပူးပေါင်းတပ်များ နောက်ဆုတ်ပေးခဲ့ရပြီး ဒေါ့တမကြီးကျေးရွာကို စစ်ကောင်စီဘက်မှ ပြန်လည်သိမ်းပိုက် တပ်စွဲထားကြောင်း သိရသည်။

“ကရင်နီနယ်ထဲကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းတွေအကုန်လုံးကို ကျွန်တော်တို့ တိုက်ခိုက်နေတယ်။ သူတို့ (စစ်ကောင်စီ) ဘက်က ထိခိုက်ကျဆုံးမှု အရမ်းများနေတယ်။ သို့သော် အခုအချိန်အထိ သူတို့ မဆုတ်သေးဘူး။ ထိုးစစ်ဆင်မှု ဆက်လုပ်နေတုန်းပဲ”ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဒေ့ါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား ကရင်နီတပ်မတော် – KA၊ KNDF/B တပ်ရင်း – ၁၀၊ KNDF/B တပ်ရင်း – ၁၆၊ KNDF/ETD တပ်ရင်း၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတါင်း KNDF မှ ရဲဘော် ၂ ဦး ၊ KA မှရဲဘော် ၂ ဦး၊ နေပြည်တော် PDF မှ ရဲဘော် ၁ ဦးတို့ ကျဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီထံမှ MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို (၅)လက် ၊ RPG (၂)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ များ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်များကို တော်လှန်ရေးအင်အားစုများက သိမ်းဆည်းရမိခဲ့သည်။

လက်ရှိအချိန်အထိ ဒီမော့ဆိုမြို့နယ်ရှိ ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူကျေးရွာများ၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီမှ အထိနာ၍ ဘောလခဲ ၊ ဖရူဆို အခြေစိုက်တပ်များဖက်မှ နေ့စဥ် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် ဂျက်လေယာဥ်၊ ရဟတ်ယဥ်များဖြင့်လည်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက် နေကြောင်း KNDF က ပြောသည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေါညင်းခူ၊ ဒေါဆိုဖျ၊ ဒေါတမကြီး ကျေးရွာများရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် နေအိမ်ပေါင်း ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတာ ၁ လနီးပါးရှိလာပြီ။ လက်နက်ခဲယမ်းကျည်ဆံ ဖြည့်တင်းဖို့ လိုနေပါပြီ။ ပြည်သူလူထုအနေနဲ့ ဆက်ပြီးတော့ အလေးအနက်ထား ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

#ကရင်နီ #ဒီးမော့ဆို #KNDF #စကခ၂ #ရလခ #Ayeyarwaddy_Times