နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၁၆ ရက်
အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် ခုနစ် ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့တို့ ယခုလ နောက်ဆုံးပတ်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့ နှစ် ဖွဲ့သည် လာမည့်မတ်လ ၂၈ ရက်နှင့် ၂၉ ရက်တွင် နေပြည်တော်၌ အလွတ် သဘော တွေ့ဆုံမည်ဖြစ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ကိစ္စရပ်များ၊ နိုင်ငံအတွင်း နေရာအနှံ့ မီးရှို့ခံရသည့် ကိစ္စရပ်များအပါ အဝင် လက်ရှိနိုင်ငံရေး အကျပ်အတည်းများကို တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အပစ်ရပ် ခုနစ် ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ကျွန်တော်တို့ PPST အနေနဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ကိစ္စရပ်တွေ၊ နောက်ပြီးတော့ ဘုရားကျောင်းတွေ၊ နေရာတကာမှာ မီးရှို့ခံရတဲ့ ကိစ္စရပ်တွေ၊ အားလုံးခြုံပြောလိုက်မယ် ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုပေါ့။ ဒီအခက်အခဲကလည်း အချိန်ကာလ ၂ နှစ်ကျော် ကြာလာခဲ့ပြီ ကျွန်တော်တို့က ပပျောက်အောင် မလုပ်နိုင်သေးဘူးပေါ့လေ။ ပပျောက်နိုင်တဲ့အဆင့် မဟုတ်သည့်တိုင်အောင်မှ တဖြေးဖြေးလျော့ချနိုင်တဲ့ နည်းလမ်းတွေ ဘယ်လိုရှာကြံ လို့ရမလဲ ဆိုတာကို ကျွန်တော်တို့ အပစ်ရပ် ခုနစ် ဖွဲ့ပါဝင်တဲ့ PPST ရဲ့ ထုတ်ပြန်ကြေညာချက်အတိုင်းပါပဲ” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
အပစ်ရပ် ခုနစ် ဖွဲ့အနေဖြင့် ထိုသို့တွေ့ဆုံဆွေးနွေးရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကတည်းက အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး တစ်ဖွဲ့ချင်း တွေ့ဆုံမှုများလည်း ရှိခဲ့သော်လည်း ယခုတွေ့ဆုံမှုသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးတွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
“ထိပ်သီးခေါင်းဆောင်တွေအနေနဲ့ တရားဝင် ဆွေးနွေးပွဲတွေ မလုပ်ခင်မှာ ကျွန်တော်တို့က နှစ်ဖက်စလုံး အလွတ်သဘောနဲ့ စတင်ပြီးတော့ ကြိုတင်ညှိနှိုင်းမှုတွေ လုပ်ချင်တယ်။ အဲဒီလိုလုပ်ချင်တဲ့ အတွက်ကြောင့်မို့လို့ ထိပ်သီး ခေါင်းဆောင်တွေ မတွေ့ခင်မှာ အလွတ်သဘော တွေ့ကြရအောင်ဆိုပြီး စတင်ကြိုးပမ်းကမ်း လှမ်းခဲ့တာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ဖြစ်ပါတယ်။ အခုသွားနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက တစ်ဖွဲ့ချင်းဆီ သွားတယ်။ တစ်ဖက်က စီစဉ်တဲ့အတိုင်း ကျွန်တော်တို့ တစ်ဖွဲ့ချင်းဆီကနေပြီး လိုက်ပါဆောင်ရွက် ဆွေးနွေးရတဲ့အခါကျတော့ ပြည်ထောင်စု တစ်ခုလုံးနဲ့ ဆိုင်တဲ့ကိစ္စရပ်တွေ။ ဥပမာ- ပြည်ထောင်စု ငြိမ်းချမ်းရေးကိစ္စတို့၊ ဖက်ဒရယ်ဒီမိုကရေစီ ကိစ္စရပ်တို့ဘာတို့ကျတော့ ကျွန်တော်တို့ တစ်ဖွဲ့ချင်း ဆီသွားတဲ့ အခြေအနေမှာကတော့ ပြောရဆိုရတာ အခက်အခဲရှိတယ်” ဟု ၎င်းက ဆိုသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲကာလ၊ တနည်းအားဖြင့် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့် နိုင်ငံရေးယဉ်ကျေးမှု ပျိုးထောင်ဆဲကာလတွင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းယူခဲ့သည်။ ထိုကဲ့သို့ အာဏာသိမ်းယူခြင်းကြောင့် အရှိန်ရစပြုနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများလည်း ကံမကောင်း၊ အကြောင်း မလှစွာဖြင့် ရပ်ဆိုင်းသွားခဲ့ရသည်ဟု (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အတွက် အပစ်ရပ် ၇ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဦးဆောင်ကော်မတီ (PPST-LC)မှ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အနေဖြင့် NCA ၏ အနှစ်သာရ သုံးချက်ဖြစ်သည့် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူများ အားလုံးပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများကို အကာအကွယ်ပေးရေးတိုကို မယိမ်းမယိုင် ဆက်လက်ကိုင်ဆွဲပြီး လက်ရှိတိုင်းပြည် အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် မဆုတ်မနစ် အားထုတ် ကြိုးပမ်းသွားမည်ဟု သံန္နိဌာန်ပြုထားကြောင်း ဆိုထားသည်။
စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးလိုသည့် အဆိုပါ အပစ်ရပ် ခုနစ် ဖွဲ့မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ဖြစ်သည်။
#စစ်ကောင်စီ #အပစ်ရပ်၇ဖွဲ့ #အစုလိုက်အပြုံလိုက်သတ်ဖြတ် #မီးရှို့ #အလွတ်သဘောတွေ့ဆုံဆွေးနွေး #Ayeyarwaddy_Times