ဧရာဝတီတိုင်းမ်
မတ်လ ၁၆ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံ အကွက်(၁၃)ရပ်ကွက်တွင် ယနေ့ မတ်လ၁၆ရက်နေ့ နံနက်၆နာရီက အသက်၁၂ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးအား အဝတ်ဗလာ ရိုက်နှက် ဒဏ်ရာများဖြင့် သတိလစ်မေ့မျောနေသည်ကို တွေ့ရှိရကြောင်း ကလေးငယ်အား သွားရောက်ခေါ် ဆောင်ခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအဖွဲ့ထံက သိရသည်။

ဒဏ်ရာရ၍ သတိလစ်မေ့မျောနေသည့် ကလေးငယ်မှာ မင်းဂံ အကွက်(၁၅) ရပ်ကွက်မှ မသန္တာဝင်းဖြစ်ပြီး ယမန်နေ့ မတ်လ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် နေအိမ်မှ ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

“မနေ့ညက သူ့မောင်လေးကဖျားနေလို့ အမေဖြစ်သူက ဆေးခန်း သွားပြတယ်။ အဲ့ဒီအချိန်မှာ မိန်းကလေးကအိမ်မှာ တယောက်တည်းကျန်ခဲ့တာ။ သူ့အမေနဲ့မောင်လေး က ဆေးခန်းကပြန်ရောက်လာတော့ သမီးဖြစ်သူကို ရှာမတွေ့တော့ ဘူးလို့ပြောတယ်။ မနက်ရောက်တော့ အကွက် (၁၃) မှာ အဝတ်ဗလာနဲ့ သတိမေ့နေတာတွေ့လို့ ဘေးနားက လူတွေက ထဘီလေးတထည်နဲ့ခြုံပေးထားတယ်။ မျက်နှာမှာလည်း အထိုးခံထားရတဲ့ ဒဏ်ရာတွေနဲ့ဖူးရောင်နေပါတယ်” ဟု မိသားစုနှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မိန်းကလေးငယ်ကို တွေ့ရှိသည့် အနီးပတ်ဝန်းကျင်မှဒေသခံများက ရွှေရောင်မေတ္တာအဖွဲ့အား ဖုန်းဆက်အကူညီတောင်းသောကြောင့် သွားရောက်ခေါ် ဆောင်ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ရွှေရောင်မေတ္တာ အသင်းသားများထံက သိရသည်။

“ကလေးကတော့ ဆေးရုံမှာဆေးကုသမှုခံယူနေဆဲပါ။ ရဲတွေလည်း စစ်ဆေးချက် လာယူနေတာရှိပါတယ်။ မုဒိန်းမှုမြောက်၊ မမြောက်ကတော့ မသိရသေးပါဘူး။ ဆရာဝန်တွေရဲ့စစ်ဆေးချက်ထွက်မှပဲသိရမယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ အသိပေးမှာ ကြားချင်တာက လူပြတ်တဲ့နေရာတွေကို အတတ်နိုင်ဆုံးရှောင်ကြပါ။ စစ်တွေမြို့ အနေအထားရ လူပြတ်တဲ့နေရာတွေဆို နေ့ရော၊ ညရောလုံခြုံမှုမရှိတော့ဘူး။ ကလေးမိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို အိမ်မှာတစ်ယောက်တည်း မထားခဲ့ ကြပါနဲ့။ အပြင်ကိုလည်း တစ်ယောက်တည်း မသွားခိုင်းပါနဲ့” ဟု ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ကိုဗျာလက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်တွေဆေးရုံကြီးသို့ စစ်ကောင်စီလက်အောက်ခံ စစ်တွေမြို့အမှတ်(၁) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မင်းဂံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးတို့ လာရောက် မှတ်တမ်းယူလျှက် ရှိပြီး တရားခံ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရ သေးကြောင်း ကိုဗျာလက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၅ရက်နေ့ကလည်း ရခိုင်ပြည်နယ် ၊အစိုးရအဖွဲ့ရုံး အနီးရှိ Luminous လူသုံးကုန်ပစ္စည်းအရောင်းဆိုင်မှ ဝန်ထမ်းအမျိုးသမီး မနွယ်သန္တာဝင်းကို ဆိုင်အတွင်း ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ်အတွင်းကလည်း မုန့်လက်ကောက်ရောင်းသည့် အသက် (၁၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး စစ်တွေမြို့၊ မင်းဘာကြီးလမ်းပေါ်ရှိ ဆောက်လက်စ အဆောက်အအုံအတွင်းတွင် ရက်ရက်စက်စက် သတ်ထားသည်ကို တွေ့ရသည်။

#ရခိုင်ပြည်နယ် #စစ်တွေမြို့ #အသက်၁၂နှစ် #မိန်းကလေးငယ် #ရိုက်နှက်ဒဏ်ရာ #မေ့မျော #Ayeyarwaddy_Times