ဧရာဝတီတိုင်းမ်
မတ်လ ၁၄ ရက်

ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် နိရဉ္စရာ(Narinjara)သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)ဖြင့် ထပ်တိုးအမှုဖွင့်ထားကြောင်း သိရသည်။

“အပစ်ရပ်လိုက်ပြီဖြစ်သော်လည်း ရခိုင်ရှိကုန်းလမ်း၊ ရေလမ်း စစ်တပ်စစ်ဆေးရေး ဂိတ်အချို့တွင် ငွေကြေးကောက်ခံမှုများရှိ၍ ခရီးသွားလာသူများ အခက်အခဲဖြစ်” ဆိုသည့်သတင်းကို ယခုလ မတ်လ ၇ ရက်နေ့တွင် နိရဉ္စရာသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

အဆိုပါသတင်းသည် ရခိုင်ပြည်သူလူထုကို စိုးရိမ်စိတ်များဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးကို ပျက်ပြားစေသည်ဟုဆိုကာ နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ်ကို မတ်လ ၁၁ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)ဖြင့် ထပ်တိုးအမှုဖွင့်လိုက်သည် ဟုပြည်နယ်စစ်ကောင်စီ၏ သတင်းစာမျက်နှာတစ်ခုဖြစ်သည့်ရခိုင်နေ့စဉ်တွင် မတ်လ ၁၂ ရက်နေ့က ဖော်ပြထားသည်။

အမှုဖွင့်ခံရခြင်းပတ်သက်၍ နိရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ်ဦးခိုင်မြတ်ကျော်က ၎င်းတို့သတင်းဌာနအနေဖြင့် မှန်ကန်စွာရေးသားဖော်ပြခဲ့ခြင်း ဖြစ်သောကြောင့် စစ်ကောင်စီ အနေဖြင့် သတင်းဌာနများအား တရားစွဲမည်ဆိုလျှင် မြေပြင်အခြေနေကို အရင်စစ်ဆေးမေးမြန်းသင့်ကြောင်း ပြောကြားသည်။

“သူတို့ကအင်အားရှိတိုင်း တရားစွဲနေတာဆိုတော့ ဒီအပေါ်မှာတော့ ဘာမှပြောလို့မရဘူး။ ဒါပေမဲ့ကျွန်တော်တို့ပြောချင်တာက ဒီစစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံ နေတယ်ဆိုတာ ခရီးသွားလာနေတဲ့ရခိုင်ပြည်သူတွေလည်းအသိပါ။ ပြည်နယ်ကောင်စီ မှာပါတဲ့ဝန်ကြီးတချို့လည်း ဒီကိစ္စကို သိပြီးသားပါ။ ခရီးသွားလူထုတွေ အခက်အခဲ အနှောင့်ယှက်ဖြစ်နေတာကို ကျွန်တော်တို့ကသတင်းရေးပေးယုံပါ။ ဒါတွေကို မှန်သလား၊ မှားသလားဆိုတာကို စစ်ကောင်စီကစိစစ်ရမှာပေါ့။ သေချာမစိစစ်ဘဲ သတင်းရေးတဲ့ ဌာနကိုပဲ တရားစွဲတယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ” ဟု ဦးခိုင်မြတ်ကျော်က ဧရာ၀တီတိုင်းကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ မေလနှင့် အောက်တိုဘာလအတွင်းကလည်း Narinjara သတင်းဌာနမှ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ဃ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

ထို့အတူ ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် Border News Agency(BNA) သတင်းဌာနက ဖော်ပြခဲ့သည့် ဂိတ်များ ထပ်မံတိုးချဲ့ဖွင့်ခြင်း၊ မလိုအပ်ဘဲစစ်ဆေးခြင်း၊ ငွေကြေး တောင်းခံခြင်းများရှိကြောင်း ရေးသားဖော်ပြမှုအပေါ် မဟုတ်မမှန် ချဲ့ကား ရေးသားခြင်း ဖြစ်၍ ဒေသခံပြည်သူများမှာ ခရီးသွားရန် စိုးရိမ်မှုများဖြစ်ပေါ်နေသည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။

ထိုသို့ရေးသားဖော်ပြမှုသည် ငြိမ်းချမ်းရေးကို ပျက်ပြားစေ၍ ပြည်သူလူထုကို စိုးရိမ်ထိတ်လန့်စေသည့် သတင်းရေးသားမှုများ၊ အစိုးရ၊ တပ်၊ ဌာနဆိုင်ရာ များ၏ဂုဏ်သိက္ခာညိုးနွမ်းစေသည့် သတင်းရေးသားသူများ၊ သတင်းဌာနများကို ထိရောက်စွာအရေးယူရန်ဆောင်ရွက်လျှက်ရှိသည်ဟု စစ်ကောင်စီ၏ ရခိုင်နေ့စဉ်တွင် ဖော်ပြထားသည်။

”ရခိုင်သတင်းဌာနတွေ၊သတင်းသမားတွေကို မတရားအမှုဖွင့် တရားစွဲ၊ ခြိမ်းခြောက် နေတာက အာဏာစသိမ်းကတည်းကပါ။ အခုပိုပြီးခြိမ်းခြောက်လာတာပေါ့။ ဒါသတင်းအမှားမဟုတ်ဘူးဆိုတာ ပြည်သူတွေလည်း သိပါတယ် ။ ဒါပေမဲ့ စစ်ကောင်စီ ကနေ သတင်းဖော်ပြတဲ့ သတင်းဌာနတွေကို အရေးယူလာတာကတော့ ပြည်သူတွေကို သတင်းအမှောင်ချပြီး သူတို့လိုသလိုဝါဒဖြန့်လို့ရအောင် ရခိုင်သတင်း သမားတွေကို စစ်အာဏာရှင်ဆန်ဆန်ခြိမ်းခြောက်လာတာပါ။ဒါကိုလက်ခံစရာအကြောင်းမရှိပါဘူး”ဟု BNA သတင်းဌာန အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က ပြောသည်။

လူမှုကွန်ရက်ကိုအသုံးပြု၍ တစ်စုံတစ်ယောက်ကို သော်လည်းကောင်း၊ အဖွဲ့အစည်း တစ်ခုခုကိုသော်လည်းကောင်း စော်ကားခြင်း၊ အသရေဖျက်ခြင်းနှင့် တားဆီး ပိတ်ပင်ခြင်းများပြုလုပ်ပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နှင့်ငြိစွန်းကြောင်း ဆိုထားသည်။

ယခုအခါ လူတိုင်း ဖုန်းအသုံးပြုလာနေပြီး မိမိ Facebook အကောင့် ပေါ်တွင် စာရေး သားခြင်းများပြုလုပ်လာကြသည့်အပေါ် စစ်ကောင်စီက ဆက်သွယ်ရေး ဥပဒေပုဒ်မနှင့် အရေး ယူမှု ပိုမိုများပြားလာနေသည်ဟု ဥပဒေပညာရှင် အသိုင်းအဝိုင်းက သိရသည်။

” ၆၆(ဃ) နဲ့အမှုဖွင့်ပြီဆိုရင် ကျွန်မတို့အနေနဲ့ သူတို့ရေးသားထားတဲ့သတင်းရဲ့ စာတစ်လုံးချင်းစီကို စိစစ်ရတယ်။ ဘယ်လို၊ဘယ်ပုံစံရေးထားသလဲ။အသုံးအနှုန်းကရော ဘယ်အထိသက်ရောက်နေလဲဆိုတာပေါ့။ ပြီးမှ ၆၆(ဃ) နဲ့ငြိစွန်းမှုရှိ၊မရှိ အဖြေ ထွက်မှာပေါ့။ အခုအတောအတွင်းမှာ ၆၆(ဃ) ပုဒ်မနဲ့အရေးယူမှုတွေ တော်တော် များလာနေတာတွေ့ရတယ်” ဟု ရှေ့နေ့တစ်ဦးကပြောသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ -၆၆ဃ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးသော်လည်းကောင်း ကျခံနိုင်သည်။

ရခိုင်တွင် Development media group (DMG)၊Narinjara၊ BNA၊Western news၊ Voice of westland(VOW)စသည့် သတင်းဌာန ငါးခုရှိပြီး စစ်ကောင်စီက Western news သတင်းဌာန၏ အယ်ဒီတာချုပ်နှင့်သတင်းထောက်တစ်ဦးကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ် နှစ်အစပိုင်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ -၁၂၄(က) ဖြင့် တရားစွဲခံထားရသည်။

ထို့ပြင် Development media group (DMG)သတင်းဌာနမှ အယ်ဒီတာချုပ် ကိုအောင်မင်းဦးမှာလည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက မတရား အသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၂)ဖြင့် တရားစွဲခံထားရပြီး တာဝန်ခံအယ်ဒီတာနှင့် အမျိုးသမီး သတင်းထောက်တစ်ဦးမှာလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ -၅၀၅(က) ၊ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ဃ တို့ဖြင့် စစ်ကောင်စီဒ တရားစွဲဆိုခြင်း ခံထားရသည်။

#ရခိုင်ပြည်နယ် #နိရဉ္စရာသတင်းဌာန #အယ်ဒီတာချုပ် #စစ်ကောင်စီ #ဆက်သွယ်ရေးဥပဒေပုဒ်မ #တရားစွဲ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…