(သတင်းဆောင်းပါး)

နိုင်မင်းလွင်(ဧရာဝတီတိုင်းမ်)
မတ်လ ၁၄ ရက်

“ငါတို့က မီးရှို့တဲ့အဖွဲ့မဟုတ်ဘူး။ ငါတို့အဖွဲ့က လူသတ်တဲ့ ဘီလူးအဖွဲ့ လို့ ဆိုပြီး လူတွေရဲ့ စိတ်ထဲကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီးလုပ်သွားတယ်”

မူးမြစ်နဲ့ ဧရာဝတီမြစ် ပေါင်းဆုံတဲ့ဒေသမှာရှိတဲ့ တာတိုင်ကျေးရွာဟာ စစ်ကိုင်းမြို့နယ်၊ ရွှေလီကျေးရွာအုပ်စုထဲမှာ ပါဝင်နေပါတယ်။ အိမ်ခြေ ၇၈ လုံးရှိပြီး လူဦးရေ ၄၀၀ ကျော်နေထိုင်တဲ့ ရွာငယ်လေးတစ်ရွာပါ။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့က တာတိုင် ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ အိမ်ခြေ ၆၀ လောက် မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံအများစုဟာ အဲ့ဒီအချိန်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် ခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ အမှတ်(၉၉) ခြေမြန်တပ်မဟာ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့၊ မနက်အစောပိုင်း ၄ နာရီလောက်မှာ မြင်းမူမြို့နယ်၊ ကံသာအေးကျေးရွာကနေတဆင့် စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အယောင် ဆောင်ပြီး ဝင်ရောက်စီးနင်း ခဲ့ပါတယ်။

“သူတို့(စစ်ကောင်စီတပ်)တွေက ယူနီဖောင်းတွေနဲ့ ဝင်လာတာ မဟုတ်ဘူး။ PDF ပုံစံမျိုးနဲ့။ ရွာထဲ စစ်ခွေးတွေ ဝင်လာပြီ အခြေအနေမကောင်းဘူး။ အဲဒီတော့ ဘုန်းကြီး ကျောင်းမှာ စုကြဆိုပြီး တစ်အိမ်ကို နှစ် ယောက်လောက်စီနဲ့ ဒီကောင်တွေ ကိုယ်တိုင် လိုက်ပြောတာ” လို့ စစ်ကိုင်းမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဦးဆောင် နာယကတစ်ဦးက ဧရာဝတီတိုင်းကို ပြောပြပါတယ်။

လူစုခိုင်းပြီးတဲ့နောက်မှာတော့ စစ်ကောင်စီရဲ့ အမှတ်(၉၉) ခြေမြန်တပ်မဟာ သံဃာသုံးပါးနဲ့ ဒေသခံပြည်သူ ၈၀ နီးပါးကို ကျေးရွာဘုန်းကြီး ကျောင်းမှာ ဖမ်းဆီးပိတ်လှောင်ခဲ့ပါတယ်။ အဲ့ဒီနေ့က စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေ တစ်နေ့လုံးတစ်ညလုံး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူတို့(စစ်ကောင်စီတပ်) ပြောတဲ့စကားတွေကို ပြည်သူတွေက နားထဲမှာ အခုထိ မထွက်သေးဘူး။ ငါတို့ (စစ်ကောင်စီတပ်)က မီးရှို့တဲ့အဖွဲ့မဟုတ်ဘူး။ ငါတို့ (စစ်ကောင်စီတပ်) အဖွဲ့ကလူသတ်တဲ့ ဘီလူးအဖွဲ့လို့ ပြောပြီးလူထုရဲ့စိတ်ကို လူတွေရဲ့ စိတ်ထဲကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီးလုပ်သွားတယ်” လို့ စစ်ကိုင်းမြို့နယ် (ပအဖ) ဦးဆောင်သူ က ပြောပါတယ်။

တာတိုင်ကျေးရွာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ) ခေါင်းဆောင် ရဲဘော် မိုက်ကယ် (ခ) ကိုကျော်ဇောဟာ ရွာကို ဝင်စီးနေတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေအနေကို ကင်းထောက်နေစဉ်မှာပဲ ဖမ်းဆီးခံခဲ့ရပါတယ်။

အမှတ်(၉၉) ခြေမြန်တပ်မက စစ်ကောင်စီတပ်သားတွေဟာ ဖမ်းမိခဲ့တဲ့ ရဲဘော် မိုက်ကယ် (ခ) ကိုကျော်ဇောရဲ့ ဦးခေါင်းနဲ့ ခြေလက်တွေကို ဖြတ်တောက်ခဲ့ပြီး ဗိုက်ကိုဖောက်ပါတယ်။ ဗိုက်ထဲက ကိုယ်တွင်းကလီစာတွေကို ခန္ဓာကိုယ်ပေါ်တင်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ပြခဲ့တယ် လို့ စစ်ကိုင်း ပအဖ ဦးဆောင်သူ က ဆိုပါတယ်။

“အဲဒီစစ်ကြောင်းဟာ မူးယစ်ဆေးဝါး လွန်လွန်ကျူးကျူး သုံးစွဲထားတာကို တွေ့ရတယ်။ ကျွန်တော်တို့ရဲဘော်တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်တဲ့အခါမှာ တော်ရုံတန်ရုံ ရှေ့တက်ဖို့ဆိုတာ မလွယ်ဘူး။ ဒီကောင်(စကစ)တွေက မူးယစ်ဆေးဝါး လွန်လွန်ကျူးကျူး သုံးထားတော့ ရှေ့ကတစ်ယောက် (စကစ) ကျ(သေ)သွားရင်တောင် နောက်က(စကစ) နှစ်ယောက်က ရယ်နေတာ။ သေနတ်ကောက်ပြီး အကြောက်အဟန့်မရှိ တက်တဲ့ပုံစံမျိုးပေါ့ဗျာ”လို့ ၎င်းက ဧရာ၀တီတိုင်းမ် သတင်းဌာနကို ဆက်လက်ပြောပါတယ်။

စစ်ကောင်စီရဲ့ အမှတ်(၉၉) ခြေမြန်တပ်မဟာ မတ်လ ၂ ရက်နေ့ နံနက် ၂နာရီခွဲ လောက်မှာတော့ တာတိုင်ဒေသခံတွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၆ ဦးကို လူသားဒိုင်းအဖြစ် ထပ်မံဖမ်းဆီးပြီး မူးမြစ်အနောက်ဘက်မှာရှိတဲ့ မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာဘက်ကို ထပ်မံ ထွက်ခွာခဲ့ပါတယ်။

လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့သူတွေအထဲမှာ ညီအစ်မအရင်းအပါအဝင် အမျိုးသမီးသုံးဦး ပါဝင်ခဲ့ပြီး ညှင်းပန်းနှိပ်စက် မုဒိမ်းပြုကျင့်ပြီး သတ်ခဲ့တယ်ဆိုတာကို သေဆုံးသွားတဲ့ အမျိုးသမီးတွေရဲ့ သက်မဲ့ခန္ဓာကိုယ် တွေက သက်သေအဖြစ် ဖော်ပြခဲ့ပါတယ်။

“မိန်းကလေး သုံးဦးကို ဒီကောင်တွေ(စစ်ကောင်စီတပ်) မုဒိမ်းကျင့်တယ်။ ပြီးတော့ ညှင်းပန်းနှိပ်စက်တယ်။ ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားတဲ့ လူ ၈၀ ဦးထဲမှာ မိန်းကလေးတွေ ပါတယ်။ ဟိုသုံးယောက်ကို နင်တို့ကြည့်ချင်တာရှိရင် သွားကြည့်လို့ ရတယ်လို့ပြောလို့ အဖမ်းခံထားရတဲ့ အမျိုး သမီးတွေက သွားကြည့်တဲ့အခါ စကားလည်း မပြောတော့ဘူး။ ဘာမှလည်း မစား တော့ဘူး။ အင်းမလုပ်၊ အဲမလုပ်နဲ့ ငိုင်ထိုင်နေကြတယ်” လို့ အဆိုပါ အဖြစ်အပျက်ကို ကြုံခဲ့ရသူက ပြန်လည် ပြောပြပါတယ်။

စစ်ကောင်စီတပ် ထွက်ခွာသွားပြီးတဲ့နောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ နယ်မြေ ရှင်းလင်းရေး လိုက်လံလုပ်ဆောင်ခဲ့ရင်း အဲ့ဒီနေ့ (မတ်လ၂ရက်နေ့) နေ့လယ်ပိုင်းမှာတော့ ညောင်ရင်းနဲ့ တာတိုင်ကြားက သရက်ခြံကြီးထဲမှာ အမျိုးသားအလောင်း ငါး လောင်းကို စတင်တွေ့ခဲ့ပါတယ်။ ညနေပိုင်း ညောင်ရင်းရွာနား မရောက်ခင်မှာတော့ အမျိုးသမီး အလောင်း သုံးလောင်းနဲ့ အမျိုးသားအလောင်း ခြောက် လောင်းတို့ကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

“အကုန်လုံးကို ရုပ်ပျက်ဆင်းပျက်အနေအထားနဲ့တွေ့ရတာပါ။ အချို့တွေဆို မှတ်တောင် မမှတ်မိဘူး။ ရက်ရက်စက်စက် နှိပ်စက်ပြီးမှ သတ်သွားတာ။ ကျွန်တော်တို့အနေနဲ့က သူတို့တွေကို ခေါ်သွားတယ်။ လွတ်လပ်တဲ့ နေရာရောက်ရင် ပြန်လွှတ်ပေးလိမ့်မယ်လို့ စိတ်ထဲမှာထင်ခဲ့တယ်။ ကိုယ်ထင်တဲ့အတိုင်း ဖြစ်မလာဘဲ ရက်ရက်စက်စက် နှိပ်စက်ပြီးမှ အကုန် သတ်ဖြတ်သွားတယ်။ လူမဆန်စွာ လုပ်ရက် သွားတာဗျာ” လို့ စစ်ကောင်စီတပ်ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြခဲ့ပါတယ်။

တာတိုင်ကျေးရွာရဲ့ အဲဒီနေ့က ဖြစ်ရပ်ဆိုးကြီးကို ပြောပြနေတဲ့ သူ့ရဲ့ အသံဟာ တုန်တုန်ယင်ယင် နဲ့ ထွက်ပေါ်လာလိုက်၊ တိမ်ဝင်ပြီး ပျောက်ကွယ်သွားလိုက် ဖြစ်နေပါတယ်။ တခါတခါ စကားပြောရင်း ဆို့နစ်ပြီး ရှေ့ဆက်မပြောနိုင်လို့ ငြိမ်သက်သွားပါတယ်။

“အကုန်လုံးက ချစ်စရာကောင်းပါတယ်။ တကယ်ပါ…” လို့ အသက်ခံခဲ့ရတဲ့ သူ့မိသားစု ဝင်တွေအကြောင်း တတွတ်တွတ် ပြောဆို ရေရွတ်နေပါတယ်။

နောက်ဆုံးအလောင်း နှစ်လောင်းကိုတော့ မတ်လ ၃ ရက်နေ့၊ နံနက်ပိုင်းမှာ တာတိုင်ရွာရဲ့ တောင်ဘက် လယ်ကွင်းထဲကနေ ထပ်မံတွေ့ရှိခဲ့တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်အင်္ဂါထဲကို ကြက်သွန်နီဥတွေ ထိုးထည့်ခဲ့ပါသေးတယ်။

“စစ်ကောင်စီက စစ်ကိုင်းတိုင်းကို ဦးချိုးနိုင်မှ တပြည်လုံးကို ဦးကျိုးနိုင်မယ်လို့ ရည်ရွယ်ပြီးတော့ မြန်မာပြည်ရဲ့ အသဲနှလုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ၂ နှစ်ရှိပြီ။ အဲ့ဒီလို လုပ်လိုက်တဲ့အတွက် လူထုရဲ့ ရင်ထဲမှာအလွန်ခါးသီးပြီး စစ်ကောင်စီကို မြေမြုပ် သင်္ဂြိုဟ်မယ့် တိုက်ပွဲကို အဆက်မပြတ် ဆင်နွှဲသွားဖို့ အဓိဋ္ဌာန်ချ မှုတွေအထိ ဖြစ်လာ ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေ၊ အထောက်အထားတွေကို ကမ္ဘာက ရထားပေမယ့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတွေထဲမှာတင် နစ်မြုပ် ပျောက်ဆုံးသွားခဲ့တယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန် စစ်ကောင်စီကို ဆန့်ကျင် တော်လှန်ရာမှာ အားကောင်းတဲ့ ဒေသတစ်ခုဖြစ်သလို ခုခံမှုအားကောင်းတာကြောင့် စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်မျိုးစုံကိုလည်း အများဆုံး ကြုံတွေ့ခံစားရတဲ့ တိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။

“အခုလို သတ်ဖြတ်မှုတွေဟာ စစ်ကောင်စီရှိနေသမျှ ဖြစ်နေဦးမှာ ဖြစ်တဲ့အတွက် ဒီဇာတ်လမ်းကို အဆုံးသတ်နိုင်အောင် ပြည်သူလူထုအနေနဲ့ တက်တက်ကြွကြွ လုပ်ဆောင်နေပါတယ်။ တော်လှန်နေတဲ့ ပြည်သူတွေဟာ လူ့အခွင့် အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်၊ အာဘော်တွေအစား လက်နက်ခဲယမ်းတွေကိုသာ မျှော်မှန်းနေကြပါတယ်။ မြန်မာပြည်သူ တွေရဲ့ ကံကြမ္မာဟာ အလွန်ဆိုးဝါးလှပါတယ်” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တာတိုင်ရွာဖြစ်စဉ်ဟာ ပြည်သူအပေါ် စစ်ဆင်ရေးလုပ်တာဖြစ်ပြီး တော်လှန်ရေး သမားရယ်၊ ပြည်သူလူထုရယ်လို့ မခွဲတော့ဘဲ မြင်မြင်သမျှ မြေလှန်မီးရှို့တဲ့ နည်းလမ်းကို ကျင့်သုံးနေတာဖြစ်တယ်။ အဲ့ဒီလိုလုပ်တာကို (Scorched Earth Policy) လို့ခေါ်ပြီး (Geneva Conventions ) မှာလည်း အဆိုးဆုံးစစ်ရာဇဝတ်မှုတစ်ခုအဖြစ် သတ်မှတ် ထားတယ်လို့CDM ဗိုလ်ကြီး ဗစ်တာက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

“ဒီလို မြေလှန်မီးရှို့ပြီး ရက်ရက်စက်စက် လူသတ် မုဒိန်းကျင့်တာတွေဟာ လူသားမှန်ရင် ခံစားလို့မရတဲ့ အဆိုးဆုံး စစ်ရာဇဝတ်မှု‌တွေပါပဲ။ တစ်ချိန်မှာ အမြင့်ဆုံးစစ်ရာဇဝတ်မှုနဲ့ သေချာပေါက် အရေးယူရမှာပါ ” လို့ ဗိုလ်ကြီး ဗစ်တာက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေဟာ ဥပဒေအရ ဖြစ်တည် လာတဲ့ နိုင်ငံတစ်ခုရဲ့စစ်တပ် အသွင်သဏ္ဍာန်မျိုးမဟုတ်တော့ဘဲ ဥပဒေ၊ စစ်စည်းကမ်းနဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ် စတာတွေမရှိတော့တဲ့ လက်နက်ကိုင် ဓားပြအဖွဲ့အစည်း လုပ်ရပ်မျိုးသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် (NPLUF) အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

“ရာဇသတ်ကြီးနဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ ကျူးလွန်သူ တရားခံတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေချမှတ်ပါ။ နောင်ဖြစ်တဲ့လာမယ့် အစိုးရ တွေကလည်း ဒီလိုဖြစ်ရပ်တွေအတွက် အထိမ်းအမှတ် ကျောက်တိုင်မျိုး၊ အောက်မေ့ဖွယ်နေ့မျိုး အထိမ်းအမှတ်တွေ လုပ်ပေးဖို့ လိုပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြောပါတယ်။

တာတိုင်ဒေသခံ အပါအဝင် စစ်ကောင်စီရဲ့ အမှတ်(၉၉) ခြေမြန်တပ်မက လူမဆန်စွာ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ ၁၇ ဦးမှာ –
၁။ ကျေးရွာပကဖ ခေါင်းဆောင် ဦးကျော်ဇော(ခ) ကိုမိုက်ကယ်(၄၇)နှစ်၊ (ဘ) ဦးလှရွှေ
၂။ ဦးထွန်း(၄၀)နှစ်၊ (ဘ) ဦးလှရွှေ
၃။ ဦးအောင်အောင်(၃၈)နှစ်၊ (ဘ) ဦးလှရွှေ
၄။ ဦးစိုးနိုင်(၅၀)နှစ်၊ (ဘ) ဦးလှကြိုင်
၅။ ဦးကျော်စိုး(၃၇)နှစ်၊ (ဘ) ဦးလှကြိုင်
၆။ ဦးကျော်ကျော်(၃၅)နှစ်၊ (ဘ) ဦးကျော်ရွှေ
၇။ ဦးလင်း(၄၀)နှစ်၊ (ဘ) အမည်မသိ
၈။ ကိုရဲလင်းအောင် (၂၅)နှစ်၊ (ဘ) ဦးကျော်လင်း
၉။ ဦးသိန်းထိုက်(၆၀)နှစ်၊ (ဘ) ဦးနက်တူး
၁၀။ ကိုဇော်ဖြိုး(၁၇)နှစ်၊ (ဘ) ဦးကမ္ဘာကျော်
၁၁။ ဒေါ်ပန်းနွယ်(၄၀)နှစ်၊ (ဘ) ဦးသောင်းစံ
၁၂။ ဒေါ်ပန်းသွယ်(၃၇)နှစ်၊ (ဘ) ဦးသောင်းစံ
၁၃။ ကိုနိုင်လင်းအောင်(ခ) ရာဟု (၂၅)နှစ်၊ (ဘ) ဦးကုလား
၁၄။ ဒေါ်ဆွေဆွေဦး(၄၂)နှစ်၊ (ဘ) ဦးတက်တိုး
၁၅။ ဦးကျော်မိုး(ခ) ဦးထီလာ(၄၂)နှစ်၊ (ဘ) ဦးစိန်မောင်
၁၆။ ဦးချစ်ကောင်း(၃၅)နှစ်၊ (ဘ) ဦးရွှေဘ
၁၇။ ဦးဝင်းဌေး(၆၇)နှစ်၊ (ဘ) ဦးဘိုကေတို့ပဲ ဖြစ်ပါတယ်။

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ အမှတ်(၉၉) ခြေမြန်တပ်မဟာ မတ်လ ၂ ရက်နေ့မှာ တာတိုင်ရွာကနေ ထွက်ခွာခဲ့ပြီး ၎င်းတို့ တပ်စွဲထားတဲ့ မြင်းမူမြို့နယ်ကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီကနေ တဆင့် နောက်ရက်တွေမှာ မြင်းမူမှာရှိတဲ့ လက္ကာပင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဖေဖော်ဝါရီလဆန်းပိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးတဲ့နောက် ပိုမိုပြင်းထန်တဲ့ ထိုးစစ်ဆင်မှုနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေသလို အဆိုပါ ဒေသတွေမှာ ရက်စက် ကြမ်းကြုတ်တဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဆက်တိုက်ဆိုသလို ပေါ်ပေါက်နေပါတယ်။

ဒီလို လူမဆန်တဲ့စစ်ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ၊ အာဆိယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက တားဆီးနိုင်ခြင်း မရှိတဲ့အတွက် မြန်မာပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သူတွေနဲ့ အမိန့်ပေးခိုင်းစေသူတွေဟာ ဘာအရေးယူမှုကိုမှ မခံရဘဲ ကင်းလွတ်နေကြဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ-မီးသင်္ဂြိုဟ်နေချိန် ဆရာတော်တစ်ပါးမှ တရားဟောနေစဥ်