ဧရာဝတီတိုင်းမ်
မတ်လ ၁၄ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ရှိ အကျဉ်း ထောင်မှ အကျဉ်းသား ၁၃ ဦး ထောင်ဖောက်ပြေးမှု ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ညောင်ရွှေအကျဉ်းဦးစီးဌာနထံမှ သိရှိရသည်။
နံနက် ၈ နာရီ ၃၅ မိနစ်အချိန်က ညောင်ရွှေ အကျဉ်း ထောင်မှ အကျဉ်းသားများသည် တာ၀န်ကျတပ်ကြပ်နှင့် အစောင့်ကို တိုက်ခိုက်၍ ထွက်ပြေးသွားရာ ၁၃ ဦးတွင် ၃ ဦးသာပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
“မနက် ၈ နာရီခွဲလောက်ကဖြစ်တာ။ အကျဉ်းထောင်အဆောင် ၂ က အကျဉ်းသားတွပါ။ တာ၀န်ကျအရာရှိကို ကတ်ကြေးနဲ့ထိုးပြီး၊ တာ၀န်ကျတပ်ကြပ်ကိုလည်း တုတ်နဲ့ရိုက်ပြီး ထွက်ပြေးကြတာ။ အကုန်လုံးက အကြမ်းဖက်ပုဒ်မနဲ့ အကျဉ်းကျနေတဲ့သူတွေ။ ပြေးတဲ့အချိန်မှာ ပစ်ခတ်ဖမ်းဆီးတော့ ၁ ဦးသေတယ်။ ၂ ယောက်ကတော့ အရှင်ဖမ်းမိတယ်။ ကျန်တဲ့ ၁၀ ယောက်ကတော့ လွတ်သွားတယ်။ အကုန်နိုင်ကျဉ်းတွေ”ဟု တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရှိရသည်။
အကျဉ်းထောင်ဖောက် ထွက်ပြေးလွတ်မြောက်သွား သူများသည် အကြမ်းဖက်ပုဒ်မဖြင့် အကျဉ်းကျခံ ထားရသူများဖြစ်ကြောင်း သိရှိရသည်။
တာ၀န်ကျအစောင့်များကို ရိုက်နှက်ပြီးနောက် အုတ် ရိုးကျော်တက်နေစဉ် ဗဟိုကင်းတာ၀န်ကျတပ်ဖွဲ့၀င်များနှင့် အနောက်ဖက်မျှော်စင်တွင် တာ၀န်ကျသည့် တပ်ဖွဲ့၀င်တို့မှ ပစ်ခတ်ဖမ်းဆီးရာ ၁ ဦးသေဆုံးပြီး ၂ ဦးကို ဒဏ်ရာများဖြင့် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း နှင့် လွတ်မြောက်သွားသူများကို လိုက်လံရှာဖွေနေ သည်ဟု ဆိုသည်။
အလားတူ မတ်လ ၁ ရက်နေ့ကလည်း နေပြည်တော် တပ်ကုန်းမြို့ ရှောက်ကုန်းကျေးရွာအနီးတွင် ရုံးထုတ်ပြီးပြန်လာသည့် အချုပ်သားများ အချုပ်ကားဖောက် ပြေးမှုဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၁၀ ဦးထွက်ပြေး လွတ်မြောက်မှု ဖြစ်ပွားခဲ့သေးသည်။
#ညောင်ရွှေ #အကျဥ်းထောင်ဖောက်ပြေး #သုံးဦးပြန်အဖမ်းခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။