ဧရာဝတီတိုင်းမ်
(မုန်း)၊ မတ်လ ၁၄ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ရေလဲအရှေ့ဖက်ကမ်းရွာသို့ ယနေ့မတ်လ ၁၄ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ရေလဲရွာစာသင်ကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ၄ နှစ်အရွယ်ခလေးတစ်ဦး ထိခိုက်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များသည် ညောင်ကုန်းရွာဘက်မှ ရေလဲရွာဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ရွာထဲရှိ စာသင်ကျောင်းဝန်းကျင်သို့ ၈၁ မမလက်နက်ကြီး ၆ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄ နှစ်အရွယ် ကျောင်းသူ မရွှေစင်ထိုက် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ရေလဲအရှေ့ဖက်ကမ်း၊ ကရင်ရွာကို စစ်ကောင်စီလက်အောက်ခံ ဇေယျာလင်းအဖွဲ့ကနေပြီး ၈၁မမလက်နက်ကြီး ၆ လုံးနဲ့ပစ်ခတ်ခဲ့တာ စာသင်ကျောင်းနားကျပြီး နွေရာသီသင်တန်းတက်နေတဲ့ ကျောင်းသူ ၄ နှစ်သမီးရဲ့ပေါင်မှာ လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့တယ်။” ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၄ နှစ်အရွယ်ခလေးငယ်၏ ပေါင်တွင်ကျည်စထိမှန်ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်းခေါင်မိုးများ ထိခိုက်ပျက်စီးခဲ့ကာ နေအိမ်တစ်အိမ်ရှိမှန်ပြတင်းများထိခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် ကေအန်ယူအုပ်ချုပ်နယ်မြေ၊ တပ်မဟာ(၃)ဒေသအတွင်းသို့ အင်အားဖြည့်စစ်ကြောင်းထိုးဝင်ရောက်နေပြီး မုန်းမြို့နယ်၊ လူအရွာတွင် မတ်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအန်ယူမှထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီသည် ကေအန်ယူ တပ်မဟာ(၃)နယ်မြေအတွင်း လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုများကြောင့် မုန်းမြို့နယ်ရှိ စစ်တောင်းမြစ်ကမ်းဘေးကျေးရွာများဖြစ်သည့် ရေလဲအနောက်ဘက်ရွာနှင့်သင်္ကန်းပင်ရွာမှ ဒေသခံ ၁၃၀၀ ကျော်မှာ စစ်ဘေးရှောင်နေရကြောင်းလည်း ကရင်အမျိုးသားအစည်းအရုံး(KNU)ထုန်ပြန်ချက်များအရ သိရသည်။

#မုန်း #တပ်မဟာ၃ #လက်နက်ကြီးထိမှန် #ရေလဲရွာ #ဒဏ်ရာရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…