ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ မတ်လ ၁၄ ရက်
ရှမ်းပြည်(တောင်ပိုင်း)၊ ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်နီအမျိုးသားကာကွယ်ရေး (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်း စစ်ကြောင်းတို့ ပြီးခဲ့သည့် မတ်လ ၁၂ ရက်၊ ညနေ ၈ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Karenni Military Information Center(KMIC) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နယ်မြောက်ဘက်ခြမ်းနှင့် ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန် စစ်ကြောင်း သုံးကြောင်းခွဲ၍ ထိုးစစ် ဆင်နေပြီး ဖယ်ခုံမြို့၊ ရွှေစမ်းရွာတာဝါတိုင်ကုန်းသို့ စစ်ကြောင်းထိုးလာရာ KNDF ပူးပေါင်းတပ်ဖွဲ့နှင့် ၁ နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး၍ ၁၀ ဦးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကြောင်းထိုးနေတာက ရှမ်း-ကရင်နီနယ်စပ်မှာ သုံး ကြောင်းလောက်ရှိဝယ်။ ခန့်မှန်း ရသလောက်ဆိုရင် စစ်ကြောင်းတစ်ကြောင်းမှာ အင်အား ၇၀ လောက်ပါနိုင်တယ်။ အခုတိုက်ပွဲဖြစ်တဲ့တပ်က တပ်မ(၆၆)ဆိုပြီး မြေပြင်ကသတင်းပို့လာတယ်။ နောက် တချို့က (၄၂၃) တပ်ရင်းကလို့လည်းပြောတယ်။ ကျွန်ဝောာ်တို့ ထင်တာတော့ ပူးပေါင်း စစ်ကြောင်းလို့ယူဆတယ်” ဟု KMIC ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း ဝောာ်လှန်ရေးအင်အားစုများမှ တပ်ဖွဲ့ဝင် သုံး ဦး(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများသည့်အတွက် တိုက်ပွဲဖြစ်ပွားရာသို့ ဂျက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ရှမ်း-ကယားနယ်စပ် ဖယ်ခုံ၊မိုးဗြဲဒေသတွင် စစ်ကောင်စီမှ စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ ဖယ်ခုံမြို့နယ်၊ ကုရင်ဟုကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးခဲ့ပြီး ခြောက်ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများ အပြားသိမ်းဆည်းရမိကြောင်း PKPDF-2 က ထုတ်ပြန်ထားသည်။
#ကရင်နီ #ရှမ်းတောင် #ဖယ်ခုံ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #KNDF၊PDF #တိုက်ပွဲ #၁၂ယောက်သေ #Ayeyarwaddy_Times