ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မတ် ၁၄ ရက်

ချင်းပြည်နယ်ဘက်သို့ ပခုက္ကူမြို့မှ တက်လာသော အစီးရေ ၈၀ ပါစစ်ကောင်စီယာဥ်တန်းသည် ယမန်နေ့၊ နေ့လည် ၁၂ နာရီအချိန်တွင် ကျောက်ထုမြို့၊ အမြောက်တပ်ထဲ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း CDF-Mindat က ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် မင်းတပ်မြို့နှင့် မတူပီမြို့တို့တွင် ဆက်လက်ထွက်ခွာလာနိုင်သဖြင့် ကျောက်ထု-မင်းတပ်-မတူပီလမ်းအား အသုံးမပြုကြရန် CDF-Mindatက အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

“မနေ့ညက မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တယ်လို့ သိရတယ်။ နေရာနဲ့ ထိခိုက်ပျက်စီမှုအခြေအနေတွေတော့ မသိရသေးဘူး။ မင်းတပ်မြို့မှာ စစ်ကောင်စီက ဖုန်းလိုင်းတွေ ပြတ်တောက်ထားတော့ ဒေသခံတွေနဲ့အဆက်အသွယ်လုပ်ဖို့ တော်တော်ခက်တယ်။ ဗုံးကြဲတာတော့ သေချာပါတယ်´´ဟု လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသည့် မင်းတပ်မြို့၊ ပြည်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ကောင်စီတပ်က ယမန်နေ့၊ ည ၉ နာရီခွဲအချိန်ခန့်က မင်းတပ်မြို့နယ်၊ တစ်နေရာတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့​ကြောင်းသိရပြီး ဗုံကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ နေရာနှင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများကို သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့် နေရာအနီးတဝိုက်တွင် မင်းတပ်မြို့၊ ၂၇၄ တပ်ရင်းက လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်းသိရပြီး အရပ်သားပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ ညအချိန်တွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

#မင်းတပ်-မတူပီလမ်း #အသုံးမပြုကြရန် #CDF-Mindat #အသိပေးထုတ်ပြန် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…