ဆောင်းပါးရှင် – ဆလိုင်းသန့်စင်
ဧရာ၀တီတိုင်းမ်/မတ်လ ၁၄ ရက်
၂၀၁၀ ခုနှစ်၊ မတ်လတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ကြေညာခဲ့ပြီး ပါတီများ ပြန်လည်မှတ်ပုံတင်ကြရန်နှင့် မှတ်ပုံမတင်လျှင် ပါတီဖျက်သိမ်းမည်ဟု ကြေညာခဲ့သည်။
စစ်အုပ်စုသည် ၁၉၈၈ ခုနှစ်တွင် တိုင်းပြည်ကို အာဏာသိမ်းသည်။ ၁၉၉၀ တွင် ရွေးကောက်ပွဲ ကျင်းပသည်။ NLD ပါတီ အနိုင်ရတော့ စစ်တန်းလျားပြန်မည်ဟု ကတိပေးခဲ့သောစစ်တပ်သည် အာဏာလွှဲမပေးတော့ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓမ္မ ဦးဆောင်ရေးဆွဲသည်။
၁၄ နှစ်ကြာ အချိန်ဆွဲရေးခဲ့သည့် ဖွဲ့စည်းပုံကို ၂၀၀၈ ခုနှစ်မေလတွင် လူထုဆန္ဒခံယူပွဲ ပြုလုပ်သည်။ မြန်မာနိုင်ငံ သမိုင်းတလျှောက် အကြီးမားဆုံး သဘာ၀ဘေးဖြစ်သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း
၁ သိန်းကျော် သေကြေပျောက်ဆုံးပြီး လူသန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ဖြစ်နေသည့်ကာလတွင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်သည်။ လူထုက ၉၂ ရာခိုင်နှုန်းကျော်ထောက်ခံသည်ဟုဆိုကာ နအဖစစ်အစိုးရက အတည်ပြုခဲ့သည်။ ယင်းဖွဲ့စည်းပုံဖြင့် ၂၀၁၀ ရွေးကောက်ပွဲကျင်းပရန် စီစဉ်သည်။
ထိုစဉ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားသည်။ ဦးခွန်ထွန်းဦးနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအဝင် ထောင်နှင့်ချီသော နိုင်ငံရေးအကျဉ်းသားများကို ဝေးလံခေါင်ဖျားသောအကျဉ်းထောင်များ၌ အကျဉ်းချကာ အပြင်းအထန် ဖိနှိပ်ညှဉ်းပန်းနေသည့်ကာလဖြစ်သည်။
နအဖစစ်အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ခြင်းမပြု၊ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ စစ်အာဏာသိမ်းမှု နှစ်ပေါင်း ၂၀ အကြာတွင် ၎င်းတို့ကြေညာထားသည့် လမ်းပြမြေပုံ အဆင့် ၅ အရ ၂၀၁၀ ရွေးကောက်ပွဲကျင်းပရန် ဇွတ်တရွတ်ပြုလုပ်ခဲ့သည်။
စစ်ကောင်စီကြေညာသည့် ရွေးကောက်ပွဲဥပဒေက ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ NLD အတွက် ကြီးမားသည့် နိုင်ငံရေးအကြပ်အတည်း ဖြစ်လာခဲ့သည်။ နအဖစစ်အုပ်စု အလိုကျ ပါတီကို မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်မည်လော၊ ပါတီကို ပြန်လည်မှတ်ပုံမတင်ဘဲ ဖျက်သိမ်းခံမည်လော၊ NLD အတွက်တော့ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်အခြေအနေ ဖြစ်သည်။
၂၀၁၀ ခုနှစ်က စာရေးသူသည် ပြည်ပအခြေစိုက် မဇ္ဈိမသတင်းဌာနတွင် သတင်းထောက်လုပ်နေချိန် ဖြစ်သည်။
ထိုနေ့က ၂၀၁၀ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ဖြစ်သည်။
ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစု အားလုံးက ရန်ကုန်မြို့ရှိ NLD ပါတီ ရုံးချုပ်၌ ပြုလုပ်မည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ – CEC အစည်းအဝေးကို အထူးစိတ်ဝင်စားနေကြသည်။
ယင်းအစည်းအဝေးတွင် NLD အနေဖြင့် ပါတီကို ပြန်လည်မှတ်ပုံတင်၍ ၂၀၁၀ ရွေးကောက်ပွဲ ဝင်မည်လား၊ ရွေးကောက်ပွဲမဝင်ဘဲ ပါတီကိုအဖျက်ခံမည်လား ဆုံးဖြတ်ကြမည်ဖြစ်သည်။ ထိုနေ့က မဇ္ဈိမသတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုမုံပီးက NLD ပါတီသတင်းလိုက်ရန် စာရေးသူအား တာဝန်ပေးသည်။
ထို့ကြောင့် တယ်လီဖုန်း အနီးတွင်ထိုင်ရင်း NLD ပါတီ CEC အစည်းအဝေးအပြီးကို ထိုင်စောင့်သည်။ အစည်းအဝေးပြီးချိန်တွင် စာရေးသူ ဖုန်းဆက်မေးတော့ ထိုစဉ်က ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် တာဝန်ယူထားသူ ဆရာ ဦးဝင်းတင် (သတင်းစာဆရာကြီး ဟံသာ၀တီ ဦးဝင်းတင်) က ပြန်ဖြေသည်။
“NLD ပါတီအနေဖြင့် နအဖ၏ရွေးကောက်ပွဲကို ဝင်ပြိုင်မည်မဟုတ်ဘဲ ပါတီကို ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် CEC များ ကန့်ကွက်သူမရှိ တညီတညွတ်ထဲ ဆု့းဖြတ်ကြောင်း” ဆရာ ဦးဝင်းတင်က ပြောသည်။ (နေအိမ်အကျယ်ချုပ် ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းမှတဆင့် သဘောထားပေးခဲ့ခြင်း ဖြစ်သည်။)
အဲတော့ စာရေးသူက ဆက်မေးသည်။
“ဆရာတို့အနေနဲ့ ပါတီကို ပြန်လည်မှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲမဝင်ဘူးလို့ ဆုံးဖြတ်တဲ့အတွက် နအဖ စစ်အစိုးရက NLD ပါတီကို ဖျက်သိမ်းခဲ့ရင် ဆရာတို့ ရှေ့ဆက် နိုင်ငံရေးခရီးကို ဘယ်လိုလျှောက်လှမ်းဖို့ စဉ်းစားထားပါသလဲ”
ချက်ခြင်းပင် ဆရာ ဦးဝင်းတင်က ပြန်ဖြေသည်။
“ကျွန်တော်တို့ လူထုကို မျက်နှာမူတဲ့နိုင်ငံရေး ဆက်လုပ်သွားမယ်”
ဆရာ ဦးဝင်းတင်နှင့် အင်တာဗျူးရပြီးနောက် “NLD ပါတီ ရွေးကောက်ပွဲမဝင်ဟု ဆုံးဖြတ်၊ လူထုကို မျက်နှာမူသည့် နိုင်ငံရေးဆက်လုပ်မည်ဟုပြော”ဟူသည့် သတင်းကို စာရေးသူ ရေးခဲ့ပြီး မဇ္ဈိမ သတင်းဌာနတွင် ဖော်ပြခဲ့သည်။
ထိုနေ့က စာရေးသူအိမ်အပြန်လမ်းတလျှောက် ဆရာ ဦးဝင်းတင်၏ “လူထုကို မျက်နှာမူသောနိုင်ငံရေး”ဟူသည့် စကားရပ်ကို တွေးပြီးအဓိပ္ပါယ်ဖော်ရင်း သဘောကျနေမိသည်။
ထိုစဉ်က နအဖ၏ဝါဒဖြန့် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများသာမက ပြည်တွင်းရှိ အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်တချို့ ကလည်း စစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲက နိုင်ငံရေးထွက်ပေါက်ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်မည့်နည်းလမ်းဖြစ်ကြောင်း အကြီးအကျယ် ဝါဒဖြန့်ခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့်နအဖ၏ဝါဒဖြန့်မှုနှင့် ကျုံးသွင်းမှုက အောင်မြင်သည်ဟုဆိုရမည်။ ဝါရင့်နိုင်ငံရေးသမား ဦးသုဝေ၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ ဦးကျော်ငြိမ်း၏သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးဖြိုးမင်းသိန်း (နောင်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်လာသူ) တို့ကအစ ပါတီတွေ အသီးသီး ထောင်ကြသည်။ တိုင်းရင်းသားပါတီတွေလည်း အပြိုင်အဆိုင် မှတ်ပုံတင်ကြသည်။
NLD ပါတီ CEC အဖွဲ့က ရွေးကောက်ပွဲမဝင်ဟု ဆုံးဖြတ်ပြီး တပတ်မပြည့်မီပင် ပါတီ CEC အဖွဲ့ဝင် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းညိမ်း၊ ဦးသိန်းညွန့်နှင့် ဒေါက်တာဝင်းနိုင်တို့ကလည်း အမျိုးသား ဒီမိုကရေစီအင်အားစု – NDF ပါတီကို တည်ထောင်ကာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ကြသည်။ စစ်အုပ်စု၏ရွေးကောက်ပွဲက မြန်မာ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်မျှော်လင့်ခဲ့ကြသည်။
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် နအဖ စစ်အစိုးရက မြန်မာနိုင်ငံတဝှမ်း ရွေးကောက်ပွဲ ကျင်းပသည်။ ဗိုလ်သန်းရွှေထောင်ထားသည့် ကြံ့ခိုင်ရေးအသင်းတဖြစ်လဲ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲ အပါအဝင် ညစ်နည်းပေါင်းစုံဖြင့် တနိုင်ငံလုုံး၌ အပြတ်အသတ် အနိုင်ယူခဲ့သည်။ အမျိုးသားလွှတ်တော်တွင်
၇၆ ရာခိုင်နှုန်း၊ ပြည်သူ့လွှတ်တော်တွင် ၇၈ ရာခိုင်နှုန်းအထိ ကြံ့ခိုင်ရေးပါတီ အနိုင်ရခဲ့သည်။
ထိုအချိန်ကျမှ အကြောင်းအမျိုးမျိုးပြကာ ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ခဲ့သောပါတီတွေ ပက်လက်လန်တော့သည်။ အာဏာသိမ်း နအဖစစ်အစိုးရက သူတို့ကို “ညစ်ပြီ”ဟု သိလိုက်ချိန်တွင် စစ်တပ်ထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲအနိုင်ရကာ အစိုးရ ဖွဲ့နိုင်ခဲ့ပြီဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲကို ပြန်သုံးသပ်ကြည့်လျှင် စစ်အုပ်စု၏ရွေးကောက်ပွဲအထမြောက်ရေး၊ ကြံ့ခိုင်ရေးပါတီ အစိုးရဖြစ်ရေးအတွက် ကျန်ပါတီများက ဝင်ပြိုင်ပေးရသလို ဖြစ်ခဲ့သည်။ NLD ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – SNLD ပါတီနှင့် နိုင်ငံရေးအမြင်ရင့်သန်သည့် ဒီမိုကရက်တစ်ပါတီများကတော့ ၂၀၁၀ ရွေးကောက်ပွဲမဝင်ခဲ့သဖြင့် စစ်အုပ်စု၏နိုင်ငံရေးထောင်ချောက်မှ လွတ်ခဲ့ကြသည်။
NLD နှင့် SNLD အပါအဝင် ပြန်လည်မှတ်ပုံမတင်သောပါတီများကို နအဖစစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်က တရားမဝင်ပါတီများ အဖြစ် ၂၀၁၀ ခုနှစ်တွင် ကြေညာခဲ့သည်။
အာဏာသိမ်း စစ်အုပ်စုက NLD ကို တရားမဝင်ပါတီအဖြစ် ကြေညာခံရသော်လည်း လူထုထောက်ခံသည့် အတွက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့တွင် NLD ပါတီ အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင်လည်း NLD ပါတီကပင် မဲဆန္ဒနယ် အမြောက်အမြား ထပ်မံအနိုင်ရခဲ့ပြန်သည်။
နိုင်ငံရေးပါတီတစ်ခု တရားဝင်ခြင်း၊ မဝင်ခြင်းက အာဏာသိမ်း စစ်အုပ်စု ဆုံးဖြတ်ရမည့်ကိစ္စ မဟုတ်၊ ပြည်သူလူထု ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲသမိုင်းက သက်သေပြခဲ့သည်။
ယခုလည်း သမိုင်းက တပတ်လည်ပြန်ပြီဟု ဆိုရမည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နစက စစ်ကောင်စီက NLD ပါတီ မဲခိုးသည်ဟုဆိုကာ အာဏာသိမ်းသည်။ နိုင်ငံရေးအရ အပေးအယူအလျှော့အတင်း တစ်ခုမျှမလုပ်ဘဲ ရွေးကောက်ပွဲကို ဇွတ်ကျင်းပဖို့ ပြင်သည်။ ၂၀၁၀ ခုနှစ်က ထုတ်ပြန်သည့် ဥပဒေထက် ပိုမိုတင်းကြပ်သော ရွေးကောက်ပွဲဥပဒေကို ပြင်ဆင် ပြဌာန်းပြီး ပါတီတွေကို မှတ်ပုံပြန်တင်ခိုင်းသည်။ ၂၀၁၀ တုန်းကလိုပင် မှတ်ပုံမတင်သည့်ပါတီ ဖျက်သိမ်းမည့်ဟု ကြေညာသည်။
မတ်လဆန်းပိုင်းစာရင်းအရ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီ ၁၉ ခုက ရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည်မှတ်ပုံတင်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကတော့ စစ်အုပ်စု၏ရွေးကောက်ပွဲကို လက်မခံဟု ကြေညာထားသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး၏ပြည်သူ့ပါတီအပါအဝင် ပါတီတချို့ကတော့ ပါတီဆက်လက်ရှင်သန်ရေးခေါင်းစဉ်ဖြင့် ပြန်လည် မှတ်ပုံတင်ကာ စစ်အုပ်စု၏ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ပြင်ဆင်နေကြသည်။
သည်လိုအခြေအနေတွင် ဆရာကြီး ဟံသာ၀တီ ဦးဝင်းတင်သာ သက်ရှိထင်ရှားရှိနေဦးမည်ဆိုလျှင် “လူထုကို မျက်နှာမူသော နိုင်ငံရေး”ကိုသာ လုပ်ကြဖို့ တိုက်တွန်းမည်ဟု စာရေးသူ ထင်မိသည်။
#ဦးဝင်းတင် #နိုင်ငံရေးပါတီ #ရွေးကောက်ပွဲ #အတွေးအမြင်ဆောင်းပါး #NLD #Ayeyarwaddy_Times