နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ မတ်လ ၁၄ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ပညာရေးဌာန၏ ပြည်သူ့ကျောင်းအချို့ ဆရာ/မများ မလုံလောက်သဖြင့် ပြန်ပိတ်ခဲ့ရပြီး ထိုအတွက် သင်ကြားပေးနိုင်မည့် CDM ဆရာ/မများ၊ စေတနာ့၀န်ထမ်းများကို ဖိတ်ခေါ်လျက်ရှိကြောင်း အဆိုပါဌာနမှ အတွင်းရေးမှူးက ပြောသည်။

ဖလမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စိုးမိုးနယ်မြေရှိ ပြည်သူ့ကျောင်းများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ကျောင်းပေါင်း ၁၃၀ နီးပါးထိ ဖွင့်လှစ်နိုင်ကာ ကျောင်းသား/သူ ၈၅၀၀ ဦးကျော်ကိုလည်း ပညာသင်ကြားပေးလျက်ရှိကြောင်းနှင် ဆရာ/မ လိုအပ်ချက်မှာ ၅၀ ဦးကျော်ရှိသည်ဟု CNO ပညာရေးဌာနမှ သိရသည်။

“ယခင်အစိုးရခေတ်မှာလည်း ဆရာအင်အားက လုံလောက်တယ်မရှိပါဘူး။ အတန်းတွဲပြီး သင်နေရတဲ့ ကျောင်းတွေများပါတယ်။ အတန်းတွဲမသင်ရင်တောင် ဆရာ/မတွေမှာ နားချိန်မရှိ အချိန်ပြည့်သင်ရပါတယ်။ အခု ပြည်သူ့ကျောင်းတွေမှာဆိုရင် လစာလည်း ပြည့်ပြည့်၀၀မထောက်ပံ့နိုင်တော့ ပိုဆိုးတာပေါ့။ ကျောင်း ၁၀ ကျောင်းခန့် က သင်ပေးမယ့် ဆရာ/မမရှိလို့ ဖွင့်ခဲ့ပြီးမှ ပြန်ပိတ်လိုက်ရပါတယ်။ ဆရာ/မ မလုံလောက်တဲ့အတွက် တချို့အတန်းတွေ ပြန်ပိတ်လိုက်ရတာလည်း ရှိပါတယ်” ဟု ချင်းအမျိုးသားအဖွဲ့ချုပ် – CNO ပညာရေးဌာနမှ အတွင်းရေးမှူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် – CNO ပညာရေးဌာနမှ ပြည်သူ့ကျောင်းများတွင် သင်ကြားပေးမည့် (သို့မဟုတ်) သင်ကြားပေးနေသည့် ဆရာ/မများကို ကျေးရွာများတွင် နေရာထိုင်ခင်း၊ အစားအသောက်၊ ကျန်းမာရေးတို့အား တာ၀န်ယူပေးလျက်ရှိပြီး လုံခြုံရေးပိုင်းကိုလည်း ကျေးရွာနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ပူးပေါင်း တာ၀န်ယူပေးလျက်ရှိကြောင်း သိရသည်။

“ပြည်သူ့ကျောင်း‌‌တွေမှာ အဓိက အခက်အခဲက ငွေရေးကြေးရေးပါ။ ဒုတိယက ဆရာ/မအင်အားပါ။ ငွေကြေးအထောက်အပံ့ မလုံလောက်တဲ့အတွက် ကျောင်းပိတ်လိုက်ရတာတွေလည်း ရှိပါတယ်။ NUG အစိုးရကတော့ သူတတ်နိုင်သလောက် ကူညီမှုတွေ ပေးနေပါတယ်။ အခုချိန်ထိတော့ NUG ထံကနေ နည်းပညာပိုင်းနဲ့ ငွေကြေးထောက်ပံ့မှု အနည်းငယ်ရရှိပါတယ်။ ပြည်သူ့ကျောင်းတွေ ရပ်တည်နိုင်အောင် ငွေကြေးကအစ စာရေးကိရိယာနှင့် အခြားသောထောက်ပံ့မှုမျိုးစုံ လိုအပ်နေပါတယ်။ လှူဒါန်းလိုသူများရှိပါကလည်း ဆက်သွယ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

CNO ပညာရေးဌာနအနေဖြင့် NESP တွင် ထည့်သွင်းထားသော သင်ရိုးများကို အသုံးပြုခဲ့သော်လည်း ဒေသနှင့်မကိုက်ညီသည့် အပိုင်းများကိုမူ ချန်လပ်ထားကာ လက်ရှိတွင် KG မှ Grade 11 ထိ ဖွင့်လှစ်နိုင်ခဲ့ပြီး နွေဦးဆရာအတတ်သင်တက္ကသိုလ်(SNU)နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကလေးအားလုံးဟာ ပညာသင်သင့်တဲ့အရွယ်မှာ ပညာသင်ခွင့်ရှိရပါမယ်။ ပညာသင်ခွင့် ဆုံးရှုံးရတာဟာ လူကြီးတွေရဲ့ အသုံးမကျမှုပါ။ အခုချိန်မှာ ၅ နှစ် ‌၆ နှစ်ကလေးတွေဟာ နောင် နှစ် ၂၀ မှာ ခေါင်းဆောင်လူငယ်တွေ ဖြစ်ကြပါမယ်။ အဲ့လို ခေါင်းဆောင်လူငယ်တွေဟာ ပညာမတတ်ဘဲ ၎င်းတို့ရဲ့ပတ်၀န်းကျင်ကို ဦးဆောင်နိုင်မှာ မဟုတ်ပါဘူး။ အမှန်တရားဘက်မှာ ရပ်တည်ရဲတဲ့ ခေါင်းဆောင်ကောင်းတွေ လိုအပ်ပါတယ်။ မိမိလူမျိုး၊ မိမိယဉ်ကျေးမှုကို ထိန်းသိမ်းတတ်ပြီး မိမိအမိနိုင်ငံ‌တော်ကို ချစ်မြတ်နိုးတဲ့ နိုင်ငံသားကောင်းတွေကို မွေးထုတ်ဖို့လိုပါတယ်။ အဲဒါကြောင့် ပြည်သူ့ကျောင်းတွေကို ဖော်ဆောင်ပေးနေတာပါ” ဟု CNO ပညာရေးဌာနမှ အတွင်းရေးမှူးက ဆိုသည်။

ထို့အပြင် အချို့နေရာ ဒေသများတွင် ထောက်ပံ့ကြေးရရှိမည်ဖြစ်ပြီး အနည်းဆုံး စာသင်နှစ် ၁ နှစ် သင်ကြားပေးနိုင်ရမည်ဖြစ်ကြောင်း၊သင်ကြားပေးရမည့် ဘာသာရပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ ဘောဂဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ချင်းတိုင်းရင်းသားစာပေ (မိမိသင်ကြားနိုင်မည့် ဘာသာရပ်များကို သင်ကြားနိုင်သည်)တို့ဖြစ်ကြောင်း သိရသည်။

“အနာဂတ်မှာ ခေါင်းဆောင်တွေဖြစ်ကြမယ့် ကလေးငယ်တွေရဲ့ပညာရေး အလွန်အရေးကြီးပါတယ်။ ဓမ္မနဲ့ အဓမ္မကို သိရှိနားလည်ပြီး အမှန်တရားဘက်မှာ မားမားမတ်မတ်ရပ်တည်ရဲတဲ့ လူငယ်တွေဖြစ်အောင် မွေးထုတ်ဖို့အတွက် ဆရာ/မတွေ လိုအပ်နေပါတယ်။ CDM ဆရာ/မများ၊ စေတနာ့၀န်ထမ်း ဆရာ/မများ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

#ဖလမ်း #CNO #ပြည်သူ့ကျောင်း #ဆရာ/မ လိုအပ် #Ayeyarwaddy_Times