မတ်လ ၁၃ ရက်
ဧရာ၀တီတိုင်းမ်

ပဲခူးတိုင်း၊ ပြည်မြို့ရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံး(စအဖရုံး)တွင် ယမန်နေ့ မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

ယမန်နေ့ ညနေ ၅ နာရီ၃၀ မိနစ်ခန့်က ပြည်မြို့၊ န၀ဒေးတံတားအနီးရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးသို့ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ လက်နက်ခဲယမ်း နှင့် ဖောက်ခွဲရေးပစ္စည်းများ လာရောက်ပို့‌ဆောင်ရာ အခန်းတွင်း နေရာချနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များ ထိခိုက်သေဆုံးခဲ့ ခြင်းဖြစ်သည်။

“စရဖရုံးကို ကပစ တပ်ကနေပြီး လက်နက်တွေ သယ်လာတာ။ လက်နက်ခဲယမ်းတွေ နေရာချနေတုန်းမှာ ဗုံးက ထပေါက်ကွဲတာ။ အခန်းထဲမှာရှိတဲ့လူအကုန်ထိတာ ငါး ယောက်လောက်ရှိတယ်။ ဗုံးက အတော်ပြင်းတယ်။ အကုန်လုံးပျက်စီး သွားတာကိုပဲကြည့်။ သုံး ယောက်‌က နေရာတင်သေတယ်”ဟု တပ်တွင်းသတင်းရင်း မြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားများကို ပြည်မြို့ရှိ ခုတင် ၅၀၀ သို့ ပို့ဆောင်ထားကြောင်းသိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များသည် အမှတ် (၉၅၉)တပ်ခွဲမှ ပြည်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများ ပြုလုပ် လျှက်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

#ပဲခူးတိုင်း #ပြည်မြို့ #စရဖရုံး #လက်နက်ခဲယမ်း #ဗုံးပေါက်ကွဲ #၃ဦးသေ #Ayeyarwaddy_Times