
ငြိမ်းမောင်/ဧရာဝတီတိုင်းမ်
ပုသိမ်၊ ဇူလိုင်လ ၁၀ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ရပ်ကွက်တွေမှာ မကြာခဏဆိုသလို အမျိုးသမီး အသုံး ဆောင်ပစ္စည်းတွေပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီး လပိုင်းအတွင်းမှာပဲ ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေနဲ့ ဘုရားကျောင်းတွေ ဒေသခံတွေလက်မခံသော်လည်း ဝင်ရောက်တပ်စွဲခဲ့ပြီး ပစ္စည်းပျောက်ဆုံးမှုများမှာ ဇွန်လပိုင်းက စတင်ဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
“ တပ်စွဲတာကတော့ ဟိုဘက်ကမ်းမှာလည်းတပ်စွဲထားတယ် ပြီးတော့ ဧရာမင်းက ဓမ္မာရုံ တဂေါင်းဘုရားဝန်း ပြီးတော့ ထ ၉ ခုတော့ မရှိတော့ဘူးထင်တယ် ကျောင်းပြန်ဖွင့်တော့ အဲ့နေရာတွေမှာတပ်စွဲထားတာ ဆန္ဒပြတဲ့ သူတွေကို ဖြိုခွင်ဖို့တပ်စွဲတာပဲ ခုမပြတော့ပေမယ့် ဆက်ရှိနေတာတော့ သေချာမပြောတက်ဘူး အဲ့ဘက်တွေ ပစ္စည်းပျောက်တာဟုတ်တယ် အဲ့နေရာတွေက အဖြစ်များနေတာပေါ့”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ရပ်ကွက်တွေထဲမှာ အမှတ် ၈ ရပ်ကွက်မှာရှိတဲ့ တဂေါင်းဘုရားဝန်း ထဲ တပ်စွဲထားတဲ့ အနားမှာ အမျိုးသမီးအသုံးဆောင်ပစ္စည်းတွေ ပျောက်ဆုံးတာ အများဆုံးဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ကျန်တဲ့ နေရာတွေမှာ တပ်စွဲထားတာ ရှိမရှိတော့ မသိဘူးသေချာ တဂေါင်းဘုရားဝန်းထဲမှာတော့ ရှိသေးတယ် အဲ့ကောင်တွေ မိန်းကလေးသုံးပစ္စည်းတွေပဲ ရွေးပျောက်နေတာတော့ ထူးဆန်းတယ် ပြောစရာဆိုလို့လည်း ဒီကောင်တွေပဲရှိတာလေ တခြားသူခိုးတွေဆိုလည်း တန်ဖိုးရှိတာခိုးမှာပေါ့ ခုဟာက မိန်းကလေး လုံချည်တွေ ဘော်လီတွေပဲ ပျောက်နေတာ”လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့အပါအဝင် မြို့ကြီးတော်တော်များများမှာ ပစ္စည်းပျောက်ဆုံးတာ တွေ လုယက်ခံရတာတွေရှိပေမယ့် အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေ သီးသန့်အခိုးခံနေရတာဟာ ပုသိမ်မြို့မှာ ပထမဆုံးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။