ဧရာဝတီတိုင်းမ်
မတ်လ ၈ ရက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့မှ ဒေသခံစီးပွားရေးလုပ်ငန်းရှင် ငါး ဦးကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဝရမ်းထုတ်ထား သောကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်၍ ရှောင်တိမ်းနေကြရသူများမှာ မအီမြို့အမှတ်၃ ရပ်ကွက်မှ ဦးမောင်ထွန်းသိန်း ၊ ဦးတင်ဝင်း၊ ဦးဇာနည်လင်း၊ ဦးထွန်းဝင်း နှင့်အမှတ်၂ ရပ်ကွက်မှ ဦးတင်ထွန်းတို့ဖြစ်ကြသည်။
အဆိုပါလုပ်ငန်းရှင်များကို စစ်ကောင်စီလက်အောက်ခံ မအီမြို့နယ်မြေရဲစခန်း၌ အမှုဖွင့်ထားခြင်းဖြစ်ပြီး ရဲစခန်းမှတဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အကြောင်းကြားလာ၍ စိုးရိမ်ကာဘေးလွတ်ရာသို့ ရှောင်တိမ်း သွားခြင်းဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူများထံက သိရသည်။
“ရဲစခန်းကနေ အုပ်ချုပ်ရေးမှူးဆီကိုအကြောင်းကြားလာတဲ့စာမှာ တချို့က အဖေ နာမည်ရော ကိုယ့်နာမည်ရောတူကြတယ်။ တချို့က နာမည်တော့တူပေမဲ့ မိဘနာမည်မတူကြဘူး။ ဘာပဲဖြစ်ဖြစ် ၁၇(၁)နဲ့အမှုဖွင့်ထားတာဆိုတော့ ဝရမ်း ပါတယ်လေ။ ဒါကြောင့်အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့လည်း ဘေးကင်းရာကို ရှောင်တိမ်းသွားကြတာပါ။ လက်ရှိအထိတော့ အပူတပြင်း လိုက်ရှာတာ တွေ၊ နေအိမ်တွေအထိ လာစစ်တာမျိုးတွေတော့ မရှိသေးပါဘူး” ဟု လုပ်ငန်းရှင် များနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးထွန်းကြိုင်ကို စစ်ကောင်စီက ၎င်း၏ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။
စစ်ကောင်စီသည် ဦးထွန်းကြိုင်၏ စစ်ဆေးထွက်ဆိုချက်အရ မအီမြို့မှ စီးပွားရေးလုပ်ငန်းရှင် ငါ ဦးကိုပါ စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်ဟု ဧရာ၀တီတိုင်းမ်သတင်းဌာန၏ ခိုင်လုံသည့် သတင်းရင်းမြစ်များထံက သိရသည်။
လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များသည် နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းကြားတွင် ဘေးကျပ်နံကျပ်ရပ်တည်နေကြရသည့် အတွက် အစစအရာရာသတိထားနေရသည်ဟု မအီမြို့ခံတစ်ဦးက ဆိုသည်။
“အခုအနေအထားက AA ကိုလည်းကြည့်ရတယ်။ စစ်ကောင်စီကို လည်းကြည့်ရတယ်။ နှစ်ဖက်ကြားမှာ သဟဇာတဖြစ်အောင် ရပ်တည်နေရတာပေါ့။ တစ်ချက်လွဲတာနဲ့ထိမှာ။ ပြီးတော့ ပတ်ဝန်းကျင်ကိုလည်းကြောက်ရတယ်။ ကိုယ်က ဘာအပြစ်မှ မလုပ်ထားဘဲနဲ့ ဘေးပတ်ဝန်းကျင်က မနာလိုသူတွေက ချွန်တွန်းလုပ်လိုက်မှာကိုလည်း စိတ်ပူရတယ်။ ဘာလုပ်လုပ် သတိထားဖို့လိုတာပေါ့” ဟု မအီမြို့ဒေသခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရခိုင်တွင် စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ လူသားချင်းစာနာမှုဆိုင်ရာ နားလည်မှုသဘောဖြင့် အပစ်အခတ် ရပ်စဲခဲ့ကြသည်။ စစ်ကောင်စီနှင့်AAတို့ အပစ်အခတ်ရပ်စဲရာတွင် မတရား ဖမ်းဆီးချုပ်နှောင်ထားသည့် အရပ်သားပြည်သူများကို ပြန်လွှတ်ပေးရန်ဆိုသည့် ကတိကဝတ်များရှိကြောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ AA ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားထား သည်။
သို့သော်လည်း စစ်ကောင်စီက အကောင်အထည်ဖော်ဆောင်ရွက်မှုများ အားနည်းနေ၍ ပုဒ်မအမျိုးမျိုးတပ်ကာ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသည့် ဒေသခံများ လွတ်မြောက်ရေးအတွက် အဆင့်ဆင့်ညှိ့နှိုင်းမှုများကို ထပ်မံကြိုးစားလုပ်ဆောင် သွားမည်ဟု ရက္ခိုင့်တပ်တော် (AA) က ဆိုထားသည်။
#ရခိုင်ပြည်နယ် #မအီမြို့ #စီပွားရေးလုပ်ငန်းရှင်များ #စစ်ကောင်စီ #ဖမ်း၀ရမ်းထုတ် #AA #Ayeyarwaddy_Times