ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မတ်လ ၈ ရက်
ကရင်နီ(ကယား)ပြည်နယ်ရှိ သံလွင်အရှေ့ခြမ်း၊ စွပ်ပိုင်လှေဆိပ်နှင့် ဟွေပူလောင်းကြား နမ့်ပန်ချောင်းဘေးတွင် အခြေပြုနေသည့် စစ်ကောင်စီတပ်စခန်းတစ်ခုအား မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကရင်နီကွန်မန်ဒို တပ်ဖွဲ့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း Karenni Military Information Center က ထုတ်ပြန်သည်။
ကရင်နီကွန်မန်ဒိုတပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ နံနက် ၆ နာရီခန့်က ရိက္ခာပို့ဆောင်ရေးအစီအစဥ်များကြောင့် အင်အားနည်းနေသည့် စစ်ကောင်စီ လက်အောက်ခံ ရှေ့တန်းခလရ(၅၄)နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းထားသည့် ဟွေအမ်တပ်စခန်းအား စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက် ဦးသေဆုံး ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။
“ရှားတောမြို့နယ်ထဲကစခန်းတစ်ခုပါ။ ကျွန်တော်တို့တိုက်တဲ့အချိန်မှာ အင်အား ၁၀ ယောက်ကျော်ကျော်လောက်ပဲရှိတယ်။ အလောင်း ၆ လောင်းရပြီး ကျန်တဲ့ သူတွေကထွက်ပြေးသွားတယ်။ တိုက်ပွဲကတော့ နာရီဝက် ဝန်းကျင်လောက်ကြာတယ်” ဟု KMIC ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝဝီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲတွင် မိနစ် ၃၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်မှ ၆၀- မမ လက်နက်ကြီးတစ်လက်၊ စနိုက်ပါ တစ်လက်၊ MA-1 တစ်လက် နှင့် MA-2 နှစ် လက် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရှေ့တန်းခလရ(၅၄) စစ်ကောင်စီစခန်းသည် ဟွေအမ်းစစ်ဒေသတွင် စခန်းငယ် လေး ခု ဖြန့်၍ စခန်းထိုင်လှုပ်ရှားသည့် တပ်ရင်းတစ်ခုဖြစ်ပြီး နယ်စပ်အနီးရှိ ရှေ့တန်း ခလရ(၁၃၄)နှင့် (၁၃၅)တို့အား လိုအပ်သလို အင်အားဖြည့်တင်းပေးရသည့် တပ်စခန်း ဖြစ်ကြောင်း သိရသည်။
#ကရင်နီပြည်နယ် #စစ်ကောင်စီတပ် #ရှေ့တန်းစခန်း #ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ #တိုက်ခိုက် #၆ဦးသေ #လက်နက်ခဲယမ်း #သိမ်းဆည်း #Ayeyarwaddy_Times